ရွေးကောက်ပွဲ ကော်မရှင်နဲ့ စာနယ်ဇင်း ကောင်စီ ဆွေးနွေးညှိနှိုင်း

Image caption ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ စာနယ်ဇင်း ကောင်စီ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ

မြန်မာနိုင်ငံမှာ သတင်း ရယူခြင်းနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်ကို စာနယ်ဇင်း ကောင်စီက လက်မခံခဲ့တာ အပေါ် စာနယ်ဇင်း ကောင်စီ တာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတို့ ဒီကနေ့ သြဂုတ်လ ၃၀ရက်နေ့မှာ တွေ့ဆုံခဲ့ရာမှာ နှစ်ဘက်အကြား ပြေလည်မှု ရခဲ့ကြတယ်လို့ သိရပါတယ်။

စာနယ်ဇင်း ကောင်စီက ကန့်ကွက်ထားတဲ့ အချက်ဖြစ်တဲ့ မီဒီယာ တိုက်တခုက မြို့နယ်တခုမှာ သတင်းထောက် ၃ဦးသာ လျှောက်ထားရမယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ညှိနှိုင်းနိုင် ခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

ဒါ့အပြင် မဲရုံးပရဝုဏ်အတွင်း သတင်း ရယူချင်တဲ့ အလွတ်သတင်းထောက်တွေအနေနဲ့ မီဒီယာတိုက်တခုရဲ့ မီဒီယာ အသင်းအဖွဲ့တခုက ထောက်ခံချက်နဲ့ လျှောက်ထားနိုင်သလို ကိုယ်တိုင် ခံဝန်ချက်နဲ့ လျှောက်ထားခွင့် ရရှိဖို့ကိုလည်း ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ အချက်ဖြစ်တဲ့ ပြန်ကြားရေး ဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို လိုက်နာရမည် ဆိုတဲ့ အစား သတင်း မီဒီယာ ဥပဒေအတိုင်း လိုက်နာရမည် ဆိုပြီး ပြင်ဆင်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒီသဘောတူ ညှိနှိုင်းချက်တွေနဲ့ ပတ်သက်လို့ လာမယ့် သီတင်း တပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အသစ် ပြန်ထုတ်ပြန် ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။