ဘီဘီစီ မြန်မာပိုင်း ၇၅ နှစ်ပြည့် စိန်ရတု

၇၅ နှစ်ပြည့် ရက်စွဲ မှတ်တမ်း

Image caption ပထမဆုံး အသံလွှင့်ခဲ့သူ ဦးမြတ်ထွန်း

၁၉၄ဝ စက်တင်ဘာ ၂ - ကမ္ဘာ့ အရှေ့ဖျားကို စစ်မီး ကူးစက်ခါနီး တစ်နှစ်အလို ဘီဘီစီ အရှေ့ဖျား အစီအစဉ်က မြန်မာပိုင်း အစီအစဉ်ကို စတင် ထုတ်လွှင့်ခဲ့သည်။

စတင်ထုတ်လွှင့် ချိန်တွင် နှစ်ပတ်ကို တစ်ကြိမ် ၁၅ မိနစ်သာ ထုတ်လွှင့်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ စပြီး နေ့စဉ် အစီအစဉ်အဖြစ် ပြောင်းလဲ ထုတ်လွှင့်ခဲ့သည်။

လန်ဒန် တက္ကသိုလ် ဘောဂဗေဒ ကျောင်းသား ကိုမြတ်ထွန်း၊ ကမ္ဘာ့ သာသနာပြု ဆရာတော် ဦးသေဋ္ဌိလ၊ မြန်မာစာ ပါရဂူ ကျောင်းသား ကိုလှဖေ စသူ တို့မှာ ဘီဘီစီ မြန်မာပိုင်း၏ အစောဆုံး ဝိုင်းတော်သားများ ဖြစ်ခဲ့ကြသည်။

၁၉၄၇ ဇူလိုင်၊ အောက်တိုဘာ - ဗိုလ်ချုပ် အောင်ဆန်း နှင့် သခင်နုတို့ နန်းရင်းဝန် အဖြစ် မြန်မာပြည် လွတ်လပ်ရေး အတွက် အရေးဆိုရန် လန်ဒန်သို့ ရောက်လာသည့် ခရီးများမှာ ဘီဘီစီက သတင်းယူ ထုတ်လွှင့် ပေးခဲ့သည်။

၁၉၄၈ - လွတ်လပ်ရေး ရပြီး ဘီဘီစီ မြန်မာပိုင်း ဌာနကို ထင်ရှားသည့် အနုပညာရှင် သရုပ်ဆောင်တွေ လာရောက် လည်ပတ် လေ့လာ ခဲ့ကြသည်။ (စိန်အောင်မင်း၊ ရွှေမန်းတင်မောင်၊ ရုပ်ရှင် မင်းသမီး ဝင်းမင်းသန်း)။

ဦးတက်ထွဋ် စီစဉ်သည့် ပညာတော်သင် ကျောင်းသားတွေနှင့် တွေ့ဆုံသည့် အစီအစဉ် ထုတ်လွှင့် ပေးခဲ့သည်။

၁၉၄၈ - ၁၉၆ဝ ကာလများတွင် တင့်တယ်၊ ကြည်အေး၊ စိန်လွင်လေး စတဲ့ စာရေးဆရာများ ဘီဘီစီမှာ လာပြီး တာဝန် ထမ်းဆောင်ခဲ့ကြသည်။

၁၉၆၁ - မြန်မာ့ လွတ်လပ်ရေး ၁၃ နှစ်ပြည့် အဖြစ် ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း အက်တလီ ဘီဘီစီမှ အသံလွှင့်ခဲ့သည်။

၁၉၈ဝ - ဘီဘီစီ ဘက်ဂျက် ဖြတ်တောက်မှုများ ကြားက မြန်မာပိုင်း အစီအစဉ် ဆက်လက်ထုတ်လွှင့်နိုင်ခဲ့သည်။ သောတရှင်များထံမှ မေတ္တာရပ်ခံစာများ ကြောင့် မြန်မာဌာန ကို ပိတ်ပစ်မည့် အလားအလာကို ကျော်လွှားနိုင်ခဲ့သည်။

သော်ကနဲ့ ပေါ်စ၊ မေးပါများ စကားရ၊ ဆေးမြီးတို ကဏ္ဍ၊ ဆရာတော်ကြီးများ နှင့် တွေ့ဆုံခြင်း ၊ ငွေဗျိုင်းဖြူ ၊ ကျေးတမာနဲ့ ပေဖူးလွှာ စတဲ့ ထင်ရှားတဲ့ အသံလွှင့် အစီအစဉ်တွေ ထုတ်လွှင့် နိုင်ခဲ့သည်။

Image caption ပရိသတ်ချစ်သော ဦးလေးကြီးများ - ဦးဖေသန်း နှင့် ဦးနေဝင်း

ဦးနေဝင်း ၊ ဦးအောင်မြင့်ထွန်း၊ ဦးဖေသန်း တို့ သောတရှင်များ နှစ်ခြိုက်သော အစီအစဉ်မှူးများ ဖြစ်လာကြသည်။

ဒေါ်လှလှဝင်း၊ ဒေါ်မြမြမြိုင်၊ ဒေါ်ခင်မြဆွေ၊ ဒေါ်တင်ထားဆွေ၊ ဒေါ်မြမြဝင်း၊ ဒေါ်ကြည်ကြည်မေ၊ ဒေါ်တင်တင်စန်း စသော အမျိုးသမီး အသံလွှင့် ဝန်ထမ်းများလည်း ပေါ်ထွက်လာခဲ့သည်။

၁၉၈၈ - လူထု လှုပ်ရှားမှုကာလအတွင်း ဘီဘီစီ သတင်းတင်ပြချက်တွေကြောင့် သောတရှင်တွေ အားပေးမှု ပိုရရှိလာခဲ့ပြီး ဘီဘီစီ အသံလွှင့် ဝန်ထမ်းတွေ နှစ်နဲ့ချီ မြန်မာနိုင်ငံ ပြန်ခွင့်မရခဲ့ ဖြစ်ခဲ့သည်။

၁၉၉ဝ ကျော် - သာယာ မြူးကြွ ချိုတေး ကဏ္ဍ၊ မြန်မာ့အရေး ကမ္ဘာ့အရေး၊ သပြေကုန်းရွာ ပညာပေး အသံလွှင့်ဇာတ်၊ ရပ်ဝေးမြေမှာ ပညာရှာ စသည့် ကဏ္ဍများကို လူကြိုက်များခဲ့သည်။

Image caption ၂၀၀၈ ခုနှစ်က ဆုယူအပြီး တွေ့ရတဲ့ ဝိုင်းတော်သားများ

၂ဝဝဝ ကျော် - ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာကို အင်္ဂလိပ် ဘာသာက မြန်မာ ဘာသာနှင့် ပြောင်းလဲ တင်ဆက်ခဲ့သည်။

၂ဝဝ၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု၊ ၂ဝဝ၈ နာဂစ်မုန်တိုင်း၊ ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် သတင်း တင်ဆက်မှုများ အတွက် GlobalReith Award, AIB Award ဆုများ ရရှိခဲ့သည်။

ပြည်သူလူထု၏ ပြောရေးဆိုခွင့်များ ကို ထုတ်ဖော်ပေးသည့် အနေနှင့် မေးဖြေစရာ ဒီချိန်ခါ၊ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်၊ ပြည်သူကြားက ပြည်သူ့ စကား အစီအစဉ် များကို ထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။

၂၀၁၀ ကျော် -

၂၀၁၂ ခုနှစ်တွင် ဘီဘီစီ ဘာသာစကားဌာန အားလုံးနှင့် ရေဒီယို၊ ရုပ်သံ၊ အွန်လိုင်း ထုတ်လွှင့်မှု အားလုံးကို လန်ဒန်မြို့လယ်ရှိ မာလ်တီ မီဒီယာ အဆောက်အဦကြီး တစ်ခုထဲသို့ ပြောင်းရွှေ့ တင်ဆက်ရာတွင် ယင်းအဆောက်အဦ သစ်ကြီးမှ ပထမဆုံး အသံလွှင့်ဖို့ မြန်မာပိုင်း အစီအစဉ် ရွေးချယ်ခံခဲ့ရသည်။

Image caption ဘီဘီစီရုံးသစ်ကြီးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဌာနမှူးက တွေ့ဆုံ မေးမြန်း

တိုင်းရင်းသားလူငယ်များ၏ အသံကို ဖော်ထုတ်ပေးသည့် အနေနှင့် သွေးချင်းတို့အသံ အစီအစဉ်ကို တင်ဆက်ပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် တွင် ဘီဘီစီ မြန်မာပိုင်း ရန်ကုန် ရုံးခွဲ စတင် ဖွင့်လှစ်နိုင်ခဲ့သည်။

၂၀၁၄ ဧပြီလမှ စတင်၍ နေ့စဉ် ရုပ်သံအစီအစဉ်ကို စတင်ပြီး ပြည်တွင်းတွင် MNTV ချန်နယ်မှ ထုတ်လွှင့် ပေးလျှက်ရှိသည်။

ဘီဘီစီ မြန်မာပိုင်း Facebook စာမျက်နှာမှာ နှစ်ခြိုက်သူ ၃ သန်းနီးပါး ရှိလာခဲ့သည်။

၇၅ နှစ်တိုင် တောက်လျှောက် အသံလွှင့် တင်ဆက်နေသည့် သက်တမ်း အရင့်ဆုံး မြန်မာရေဒီယို သတင်းဌာန အဖြစ် ရပ်တည်လျက်ရှိသည်။