လိင်တူချစ်သူများ အခွင့်အရေးကို လေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်း

trans_lgbt_rights_rainbow_demonstration ဓာတ်ပုံ မူပိုင် EPA
Image caption လိင်တူချစ်သူများ အခွင့်အရေး အတွက် သက်တံ့ရောင်စဉ် အလံ တွေ နဲ့ နိုင်ငံတကာ မှာလည်း လှုပ်ရှားနေ။

လိင်တူချစ်သူ တွေ အပေါ် ခွဲခြား ဆက်ဆံတဲ့ အပြော အဆိုတွေကို မြန်မာ အစိုးရ အနေနဲ့ လူသိ ထင်ရှား ကန့်ကွက် ရှုတ်ချ ပေးပါ ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ Human Rights Watch HRW က တိုက်တွန်း လိုက်ပါတယ်။

မြန်မာ အစိုးရ ဆီကို စက်တာဘာ ၂ ရက် နေ့ ရက်စွဲ နေ့ ပေးပို့ ခဲ့တဲ့ စာထဲ မှာ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု မရှိပဲ အကာအကွယ် ပေးဖို့ နိုင်ငံတကာ ဥပဒေ အရ အစိုးရ မှာ တာဝန် ရှိတယ် လို့လည်း HRW က ရေးသား ထားပါတယ်။

လိင်စိတ် သဘာဝ အပေါ် မူတည်ပြီး ခွဲခြား ဆက်ဆံတဲ့ ခေတ်မမီတဲ့ ဥပဒေတွေ ကို ပြင်ဆင်ပြောင်းလဲ သင့်တယ် ဆိုပြီး တော့လည်း HRW အဖွဲ့က တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ထဲ မှာပဲ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်မှာ လိင်တူချစ်သူ တွေ နဲ့ ပတ်သက်ပြီး အများ လူမြင်ကွင်း ရှေ့ မဖွယ်မရာ တွေ လုပ်နေ တဲ့ မိန်းမလို ဝတ်စား ဆင်ရင် သူ တွေ ကို အရေးယူ မှု နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်တာ မျိုး ရှိခဲ့ ပါတယ်။

မိန်းမလို ဝတ်စားနေတဲ့ ဂေး တွေ တည်ရှိနေ တာ လက်သင့် ခံဖွယ် ရာ မရှိဘူး၊ သူတို့ ကို ရဲ စခန်းတွေ ကို ဖမ်းဆီး ခေါ် ဆောင် ကာ ပညာပေး ပြီး မိဘ တွေ လက်ထဲ ပြန် အပ် နေတယ် လို့ အဲဒီ့ အချိန်တုန်း က မနွလေးတိုင်း ဒေသကြီး အစိုးရ ရဲ့ နယ်လုံ ဝန်ကြီး ဖြစ်တဲ့ ဒေါက်တာ မြင့်ကြူ က ဖြေဆို ခဲ့တာ ဟာ လိင်သူချစ်သူ တွေ အပေါ် အင်မတန် ခွဲခြား ရာ ရောက်တယ်လို့ HRW က ဝေဖန် ပါတယ်။

မန္တလေး ကျုံးနံဘေး မှာ ယောက်ျားလေး တွေ ကို မြင်ရင် ကိုယ်ထိ လက်ရောက် အထိ အတင်း လိုက် ဆွဲလိုက် ရမ်းလိုက် လုပ် နေကြ သူ တွေ ကို ရဲက ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး ဂေး ဖြစ်လို့ ဖမ်းတာ မဟုတ် ဘူး လို့ ဒေါက်တာ မြင့်ကြူ က ဘီဘီစီ ကို ပြောပါတယ်။

မိန်းမစိတ် ပေါက် နေတဲ့ အဖြစ်ဟာ အမှားအယွင်း တစ်ရပ် အနေနဲ့ ယူဆ ပြောဆို နေတာ တွေ ကို လက်မခံ နိုင်ဘူး လို့ လိင်တူ ချစ်သူ အခွင့်အရေး အပါအဝင် လူ့ အခွင့်အရေး ကိစ္စ တွေ အရေး လှုပ်ရှား နေတဲ့ အီကွယ်လတီ အဖွဲ့ ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဆိုပါတယ်။

အရင်ကထက် နှိုင်းယှဉ်ရင် လိင်တူချစ်သူများရဲ့ အခွင့်အရေး အကြောင်း မြန်မာ နိုင်ငံထဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး လို့ ရလာပေမယ့် လိင်တူချစ်သူ တွေ အပေါ် မုန်းတီးစိတ် ရှိ နေကြသူ တွေ ကိုလည်း တွေ့မြင်နေရတယ် လို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ