တိုင်းရင်းသား ကိုယ်စားလှယ်လောင်း ၂ ဦး အရွေးခံခွင့် ပြန်ရ

myanmar_election_logo_ ဓာတ်ပုံ မူပိုင် KTH
Image caption ရွေးကောက်ပွဲကြီး နီးလာပြီ

လားဟူနဲ့ ချင်း တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအဖြစ် အရွေးခံမယ့် ကိုယ်စားလှယ်လောင်း (၂)ဦးကို လာမယ့် ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးလိုက်ပါတယ်။

အဲဒီထဲမှာ လားဟူ အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီရဲ့ ဥက္ကဌ လည်း ဖြစ်တဲ့ လားဟူ ကိုယ်စားလှယ် ဦးယောသက် ကတော့ အဖေက ဝလူမျိုး အမေက လားဟူ လူမျိုး ဖြစ်တဲ့အတွက် လားဟူ တိုင်းရင်းသားရေးရာ ဝန်ကြီး အဖြစ် အရွေးခံဖို့ ခွင့်မပြုဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒီအတွက် ပြည်ထောင်စု ကော်မရှင်မှာ အယူခံတင်တဲ့ အခါမှာ ရွေးကောက်ပွဲဝင်ဖို့ ပြန်ပြီး ခွင့်ပြုလိုက်ပါတယ်။

ဦးယူသက်လိုဘဲ ရခိုင်ပြည်နယ်မှာ ချင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်အရွေးခံမယ့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်လောင်း ဒေါ်မိုင်စုစုလှိုင် ကလည်း အယူခံတင်ခဲ့ရာမှာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် (၂)ခုကြား နားလည်မှု လွဲမှားတာကြောင့် ဆိုပြီး ရွေးကောက်ပွဲ ဝင်ဖို့ ပြန်ခွင့်ပြုခဲ့ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးဌေးဦးကတော့ ရွေးချယ်ခံခွင့် နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေမှာ ကန့်သတ်တာမျိုးမရှိဘဲ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အဖေကို လိုက်ပြီး လူမျိုးကို ယူရမယ်ဆိုတာဟာ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ တွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး တိုင်ရင်းသားပါတီတွေက ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ တွေ့ ဆုံတဲ့အခါမှာ တင်ပြဆွေးနွေးတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီလို (၂)ဘက် အငြင်းပွားစရာတွေ ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ရွေးကောက်ပွဲ ဥပဒေတွေကို သေချာလေ့လာပြီးမှ ညွှန်ကြားချက်တွေ ထုတ်ပြန် သင့်တယ်လို့ တိုင်းရင်းသား ပါတီတွေက သုံးသပ် ပြောဆို နေကြပါတယ်။