ငြိမ်းချမ်းရေး စစ်မှန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Dassk Shan

တန်းတူညီမျှမှုမရှိရင် စစ်မှန်တဲ့ ညီညွတ်မှု တည်ဆောက်နိုင်မှာ မဟုတ်တဲ့အတွက် ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားတန်းတူညီမျှရေးရဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောဖို့ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့ကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကလည်း စစ်မှန်မှု ရှိဖို့ လိုကြောင်း သူက ပြောပါတယ်။

ဆီဆိုင်မြို့ ဟောပြောပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသားတွေရဲ့ မေးခွန်းကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

အကြောက်တရားတွေက လွတ်မြောက်ဖို့ ဒီအချိန်မှာ မဲပေး ရွေးချယ်မူ့မှန်ဖို့လိုတယ်လို့လည်း ပရိတ်သတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဆီဆိုင်မြို့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကျားဖြူလို လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် ဟိုပုန်းမြို့ကို သွားရောက် ဟောပြောဖို့ ရှိပါတယ်။