အပစ်ရပ်စာချုပ် ဝ လက်မှတ်ထိုးမှာ မဟုတ်

UWSA ဓာတ်ပုံ မူပိုင် AFP
Image caption ပန်ဆန်းညီလာခံ ဆုံးဖြတ်ချက်ကို ဝဆက်လက်ဆုပ်ကိုင်

အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဝအထူးဒေသ ၂ က လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ နေပြည်တော်မှာ မတွေ့ခင် ရက်ပိုင်း အလိုမှာ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဝအထူးဒေသ ၂ အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးထားပြီး ဖြစ်လို့ အပစ်ရပ် လက်မှတ်ရေးထိုးစရာ မလိုဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပြီးမှ အပစ်ရပ်လက်မှတ် ရေးထိုးမယ်ဆိုရင် နောက်ပြန်ဆုတ်သလို ဖြစ်နေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း အရေးမှာ အနောက်နိုင်ငံတွေ မပါဝင်ဖို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက တရုတ်နိုင်ငံကို ကတိပေးထားပါတယ်။ အခု လက်မှတ်ရေးထိုးမယ့် စာချုပ်တွေမှာ အနောက်နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့ အတွက် ဝက ပါဝင်လက်မှတ် ရေးထိုးရင် တရုတ်နဲ့ ကတိဖျက်သလို ဖြစ်မှာစိုးတယ်လို့လည်း ဆိုပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခု အပစ်ရပ်စာချုပ်မှာ တလုံးမှ ဖော်ပြ မထားတဲ့အတွက် ဒီစာချုပ်ဟာ ဝပြည်သူတွေအတွက် အကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တအာန်း၊ ကိုးကန့်၊ ရခိုင်တပ်မတော်တို့နဲ့ အပစ်အခတ်မရပ်စဲနိုင်ရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ခေါ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။