တိုင်းရင်းသားနယ်မြေတွေဆီ NLD ဥက္ကဌ မဲဆွယ်ထွက်ဦးမယ်

dassk_shan
Image caption စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် တွေ ကို သွားဖို့ စီစဉ် ထား။

အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဟာ ရွေးကောက်ပွဲ မဲဆွယ် ခရီးစဉ် တွေ အဖြစ် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် တွေ ကို သွားဖို့ စီစဉ် ထားတယ် လို့ NLD ပါတီ က ပြောပါတယ်။

အခု စက်တင်ဘာ နောက်ဆုံးပတ် ထဲ မှာ စစ်ကိုင်းတိုင်း ထဲ က ဟုမ္မလင်း နဲ့ ခန္တီးမြို့ တွေ ကို သွားဖို့ ရှိနေပြီး၊ အောက်တိုဘာလ ပထမ ပတ်ထဲ မှာတော့ ကချင်ပြည်နယ် ထဲက မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ဗန်းမော်၊ မန်စီ နဲ့ မိုးမောက် မြို့ တွေ ကို သွားမှာ ဖြစ်တယ် လို့ NLD ပါတီ က ရွေးကောက်ပွဲ ဆိုင်ရာ ပြောခွင့် ရတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် က ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ တတိယပတ် ထဲ မှာ ရခိုင်ပြည်နယ် ထဲက တောင်ကုတ်၊ သံတွဲ နဲ့ ဂွ မြို့တွေ ကို လည်း သွားမှာ ဖြစ်တယ်လို့ လည်း ဦးဝင်းထိန် က ပြောပါတယ်။

အဲဒီ့လို သာဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး ရခိုင်ပြည်နယ် ခရီးစဉ် ဖြစ်လာ ပါလိမ့မယ်။

လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အဖြစ် အတူ ပေါင်းစု လှုပ်ရှား ခဲ့ကြ ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေ ဝင်ရောက် မယ့် မဲဆန္ဒ နယ် တွေ မှာ အခု လာမယ့် ရွေးကောက်ပွဲ ကျရင် NLD ပါတီ က ရှောင်ပေးမယ် လို့ ပြောဆို ထားတာ ရှိပါတယ်။

ဒါပေမယ့် CRPP အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့တဲ့ ရခိုင် ခေါင်းဆောင် ဦးအေးသာအောင် ကတော့ ရခိုင် အမျိုးသားပါတီ ကိုယ်စားလှယ် အနေနဲ့ သူ ယှဉ်ပြိုင်မယ့် မင်းပြား မြေပုံ အမျိုးသားလွှတ်တော် နေရာ အတွက် NLD ပါတီ လည်း ဝင်ရောက် ဖို့ ရှိ နေတယ် လို့ ပြောပါတယ်။

ရခိုင် ပြည်နယ် မှာ ရခိုင် အမျိုးသားပါတီ အားကောင်းနေပေမယ့် အခုလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် ကြောင့် ရွေးကောက်ပွဲ အတွင်း ရခိုင် မဲဆန္ဒနယ် တချို့မှာ အကြိတ်အနယ် ရှိလာ နိုင်တယ် လို့ လေ့လာ သူတွေ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ