လက်ပံတန်း ကျောင်းသား သပိတ်ကိစ္စ သာယာဝတီ ထောင်ပိုင်ကို တရားစွဲမယ်

Image caption ကျောင်းသားနဲ့ ဝန်းရံ ပြည်သူတွေကို ဖမ်းဝရမ်း မပါပဲ ဖမ်းဆီးခဲ့မှုနဲ့ လက်ပံတန်းရဲကို ကျောင်းသားတွေက ပြန်တရားစွဲခဲ့တာကို တရားရုံးက ပယ်ချခဲ့

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လက်ပံတန်း သပိတ်မှောက် ကျောင်းသား တွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သာယာဝတီ ထောင်ပိုင်ကို တရားစွဲဆိုသွားမယ်လို့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

အကျဉ်းထောင်ရဲ့ ဆောင်ရွက်မှု နှောင့်နှေးတဲ့ အတွက် ပြင်ဆင်ခွင့် ရှိတဲ့ ကာလ စည်းကမ်း သက် ရက်၃၀ ကျော်သွားကြောင်း၊ အဲဒါကြောင့် ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့တာမို့ သာယာဝတီ ထောင်ပိုင်ကို တရားစွဲဆိုသွားမယ့်အပြင် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခဲ့မှု၊ အချုပ်ဝရမ်း မပါဘဲ ထောင်ထဲ ပို့ခဲ့မှု၊ ၁၆ နှစ်အောက် ကလေးတွေကို ရမာန် မပါပဲ လူကြီးထောင်ထဲ ပို့ခဲ့မှု၊ ကျောင်းသားတွေကို ၂၄ နာရီထက် ကျော်လွန်ပြီး မတရား ဖမ်းဆီး ချုပ်နှောင်ခဲ့မှုတို့နဲ့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဖုန်းမြင့်နဲ့ စခန်းမှူး ဒုရဲမှူး ဦးစန်းမြင့်တို့ကို သပိတ်မှောက် ကျောင်းသားတွေက ပြန်လည် တရားစွဲဆိုခဲ့ရာမှာ လက်ပံတန်းမြို့နယ် တရားရုံးက ပယ်ချခဲ့ပါတယ်။

အဲဒီအမိန့်ကို မကျေနပ်လို့ အယူခံဝင်ဖို့ တရားခံတွေရဲ့ ရှေ့နေက ရှေ့နေပါဝါ ထုတ်ပေးဖို့ တောင်းခံခဲ့ရာမှာ ထောင်အာဏာပိုင်တွေက အချိန်ဆွဲထားခဲ့တယ်လို့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

တခါ ကျောင်းသားတွေရဲ့ တခြားရှေ့နေတဦး ဖြစ်တဲ့ ဒေါ်ခင်ကျော်ကျော်နဲ့ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသန်းထိုက်တို့ကိုလည်း တရားစီရင်ရေးကို အနှောင့်အယှက် ပေးမှုနဲ့ အာဏာပိုင်တွေက တရားစွဲဆို ထားတယ်လို့လည်း ဆိုပါတယ်။

ကိုသန်းထိုက်က တရားသူကြီးရဲ့ ထိုင်ခုံပေါ်မှာ ထိုင်လို့ ဆိုတဲ့ စွဲချက်နဲ့ ဒေါ်ခင်ကျော်ကျော်က တရားသူကြီးကို ဝေဖန် ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။