မြန်မာနိုင်ငံမှာ အိမ်တိုင်း မီးရဖို့ ကမ္ဘာ့ဘဏ်က ငွေချေး

Image caption ဒေါ်လာ သန်း၄၀၀ စီမံကိန်းအရ မြို့တွေမှာ လျှပ်စစ်မီးကြိုးတွေ သွယ်ပေးမယ်။

မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့တဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ကမ္ဘာ့ဘဏ် ကနေ မြန်မာနိုင်ငံကို အတိုးမဲ့ ချေးငွေ ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ IDA က ထောက်ပံ့တဲ့ အဲဒီ ချေးငွေနဲ့ နိုင်ငံတဝန်း လျှပ်စစ်မီး ရရှိရေး စီမံကိန်း အတွက် ငွေကြေးပိုင်း၊ နည်းပညာပိုင်းတွေကို အကူအညီပေးမှာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းအရ ၂၀၃၀ ခုနှစ်မတိုင်ခင် အိမ်တိုင်း လျှပ်စစ်မီး ရအောင် လုပ်ဆောင် သွားမယ်လို့ အစိုးရက ပြောပါတယ်။

ဒီ ဒေါ်လာ သန်း၄၀၀ စီမံကိန်းအရ မြို့တွေမှာ လျှပ်စစ်မီးကြိုးတွေ ဆက်သွယ်ပေးမှာ ဖြစ်ပြီး စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ၊ ဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးတွေ ရတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး Ulrich Zachau က ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။