NCA လက်မှတ်ရေးထိုးရေး မရေရာ သေးတဲ့ နောက်ဆုံးအခြေအနေ

ncct
Image caption NCAလက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင် နိုင်ရေး အခက်အခဲဖြစ်နေ

NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အခမ်းအနား စီစဉ်ရေးဆိုင်ရာ ဆွေးနွေးပွဲ က ရေရေရာရာ ရလဒ်မထွက်လာပဲ ပြီးဆုံးခဲ့ပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့မှာ ဆွေးနွေးကြတဲ့ အဲဒီ အစည်းအဝေးမှာ လက်မှတ် ရေးထိုးဖို့ ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့ အဖွဲ့ ၈ ဖွဲ့သာ တက်ရောက်ခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေး အဖွဲ့၊ မွန်ပြည်သစ် ပါတီ နဲ့ ကရင်နီတိုင်းရင်းသား လူမျိုးများ တိုးတက်ရေး ပါတီ တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ ဒီဆွေးနွေးပွဲ ကို တက်ရောက်လာခြင်းမရှိပါဘူး။

တက်ရောက်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးက ဗဟိုကော်မီတီဝင် ဖဒို မန်းငြိမ်းမောင် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရဲ့ ဆွေးနွေးပွဲတခု လာမယ့် စက်တင်ဘာလ ၂၇ နဲ့ ၂၈ ရက်တွေ မှာ ကျင်းပ ဖို့ရှိကြောင်းနဲ့ အဲဒီမှာ အခု အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ ကိစ္စ ကို ဆက်လက်ဆွေးနွေးသွားကြမယ်လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြား အစိုးရ က လိုလားသလို လက်ရှိ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို သဘောတူနိုင်တဲ့အဖွဲ့တွေ က လက်မှတ်ရေးထိုးမလား၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကုန်လုံး လက်မှတ်ရေးထိုးမှ သဘောတူလက်မှတ်ရေးထိုး ကြမလားဆိုတာ ကို ဆွေးနွေးနေကြဆဲပါ။

လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ အစိုးရဘက်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထပ်မံတွေ့ဆုံကြဖို့ ရက်သတ်မှတ်ထားကြပြီး အကဲခတ်တွေ ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စ က မဖြစ်နိုင်တဲ့အခြေအနေ ကို တွေ့နေရတယ် လို့ မှန်းဆ သုံးသပ်နေကြပါတယ်။