ကာကွယ်ရေးဦးစီးချုပ် သတင်းစာရှင်း

Image caption ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့နေပြည်တော်မှာ ၂နာရီ ကျော်ကြာတဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့ တပ်မတော်နဲ့ အစ္စရေး နိုင်ငံတို့ ကြား အတတ်ပညာပိုင်း နှင့် စစ်ရေးနဲ့ မပတ် သက် တဲ့ လေ့ကျင့်ရေးတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေး ထိုးဖို့အဆင့်သင့်ဖြစ်နေပြီ ဖြစ်တဲ့ အကြောင်းတွေ အပြင် တပ်မတော်အနေနဲ့အစ္စရေးနိုင်ငံက ရေတပ် သင်္ဘောတွေ ဝယ်ထားကြောင်းနဲ့ နောက်၂ နှစ် ၃ နှစ် အတွင်းမှာ မြန်မာ့မတော် အနေနဲ့ရေငုပ် သင်္ဘောတွေ ရှိလာမှာ ဖြစ်တဲ့အကြောင်းတွေ ပြေားကြား ရှင်းလင်း ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းထောက် များကတော့ လက်တလော လူတွေ စိတ်ဝင်စားနေတဲ့ ငြိမ်းချမ်းရေး ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စ၊ ဒါ့အပြင် တပ်မတော်က လူတွေ အရပ်ဖက် ဌာနတွေ ပြောင်းရွှေ့နေတဲ့ ကိစ္စတွေကို မေးမြန်း ခဲ့ကြတယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး လက်မှတ်ထိုးမဲ့ အချိန်မှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အတွက် အချို့ ငြိမ်ချမ်းရေး အဖွဲ့တွေ ဆွေးနွေးပွဲ မတက်ရောက်တဲ့ အကြောင်းတွေကိုလည်း မေးမြန်း ခဲ့ကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ဖြစ်နေတာ ၂ နေရာ ၃ နေရာခန့် ရှိကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စမ် နဲ့ မိုင်းပွန် တို့ ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ၊် ပလောင် ဒေသ သီပေါ၊ ကျောက်မဲ ဘက်မှာ လည်း တိုက်ပွဲ တွေ ဖြစ်နေတယ်၊ ပြီးတော့ တရုတ် မြန်မာ နယ်စပ် ကျူကုတ်၊ ပန်ဆိုင်း တို့ ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ဖြေကြားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ် ဆက်လက် ပြောဆိုတာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပေးထားတဲ့ နေရာတွေမှာ သွားရောက် တိုက်ခိုက်မှုမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ တပ်ရင်း၊ တပ်ဖွဲ့ တွေ အတွင်းက မဲရုံတွေ ထဲကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ၊ ကိုယ်စားလှယ်လောင်း တွေနဲ့ ၎င်းတို့ရဲ့ ကိုယ်စားလှယ်တွေကို ဝင်ရောက် ကြည့်ရှုခွင့် မေးမှာလား ဆိုတဲ့ အမေးကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ လုပ်ထုံး၊ လုပ်နည်းတွေကို လိုက်နာလျှင် ခွင့်ပြု သွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ ပါတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်တဲ့ ရလဒ်ကို လက်ခံ သွားမယ်လို့ ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ သတင်း မီဒီယာနဲ့ ထိတွေ့မှု ရှိလာပေမယ့် သတင်း မီဒီယာ တွေ ကနေ တပ်မတော်နဲ့ ပါတ်သက်လို့ မေးမြန်းတာတွေကို ပြန်လည် ဖြေကြားမှု အပိုင်းမှာ အားနည်းမှုတွေ ရှိနေပါတယ်။ ဒီအကြောင်းအရာ နဲ့ ပါတ်သက်လို့ သတင်းထောက် တွေက ဆွေးနွေးတဲ့ အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ လထဲမှာ မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု လုပ်ဖို့ ညွှန်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့နဲ့ သတင်းမီဒီယာ တို့ အကြား သတင်း ထုတ်ပြန်ရေး နဲ့ ပါတ်သက်လို့ မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲကို ပထမ တစ်ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်ပေမဲ့ တပ်မတော် သတင်းတွေ နဲ့ ပါတ်သက်လို့ ဆက်သွယ်မေးမြန်းရာ၊ ပြန်လည် ဖြေကြားမှု အပိုင်းမှာ အားနည်းလျှက် ရှိနေတုန်း ပဲလို့ ဆိုပါတယ်။