ဇေယျာသီရိ တပ်မဲရုံမှူးခန့်မယ့်ကိစ္စ တပ်နဲ့ ကော်မရှင် ညှိရ

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်သားတွေကို မဲရုံမှူးနဲ့ ဒုမဲရုံမှူးတွေအဖြစ် ခန့်တာ ဥပဒေနဲ့ မညီဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ပြော

နေပြည်တော် ဇေယျာသီရိ မြို့နယ်ထဲက တပ်ရင်း တပ်ဖွဲ့တွေထဲက မဲရုံတွေမှာ ကော်မရှင်က ခန့်တဲ့ မဲရုံးမှူးတွေကို လက်မခံပဲ တပ်မတော်က ခန့်တဲ့ မဲရုံမှူးတွေကို ခန့်မယ် ဆိုလို့ ကော်မရှင်နဲ့ တပ်မတော်ကြား ညှိနေရပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အခြေစိုက်တဲ့ နယ်မြေ ဖြစ်ပါတယ်။

မဲရုံပေါင်း ၇၅ရုံကျော် ရှိပြီး တပ်ရင်း တပ်ဖွဲ့တွေ ထဲမှာတော့ မဲရုံပေါင်း ၂၀နီးပါး ရှိပါတယ်။

တပ်မတော်သားတွေကို မဲရုံတွေမှာ တာဝန်ယူမယ့် မဲရုံမှူးနဲ့ ဒုမဲရုံမှူးတွေအဖြစ် ခန့်အပ်တာဟာ ဥပဒေနဲ့ မညီဘူး ဆိုတာကို စက်တင်ဘာလ ၂၁ရက် နေ့က တပ်မတော်ဖက်ကို ရှင်းပြခဲ့တဲ့အကြောင်း နေပြည်တော် ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထက်အောင်က ပြောပါတယ်။

ဥပဒေနဲ့ မညီဘူးလို့ ကော်မရှင်က ပြောတာကို တပ်မတော်ဖက်က လက်ခံမယ်လို့ ယူဆတဲ့ အကြောင်းနဲ့ ဒီကိစ္စကို ခရိုင် ကော်မရှင်နဲ့ ဆက်ညှိနေတဲ့ အကြောင်း သူက ပြောပါတယ်။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ တပ်မတော်က အငြိမ်းစား ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် အဖြစ် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာပါ။

သူရဲ့ ပြိုင်ဖက်တွေကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးသွင်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ဦးလှမြင့်တို့ ဖြစ်ပါတယ်။