မွန်ပြည်သစ် အပစ်ရပ် လက်မှတ်ထိုးဖို့ ဦးအောင်မင်းပြော

u_aung_min_and_mon
Image caption မွန်ပြည်သစ် အပစ်ရပ်ထိုးဖို့ ဦးအောင်မင်းတိုက်တွန်း

အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရင် အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ဦးဆောင်တဲ့ ကဏ္ဍက ပါနိုင်တော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးဦးအောင်မင်းက မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တွေကို ပြောလိုက်ပါတယ်။

စနေ နေ့လည်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့က မြို့လယ်ကျောင်းမှာ ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး အဖွဲ့က ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်တို့ တွေ့ဆုံပွဲမှာ ဦးအောင်မင်းက အဲဒီလို ပြောကြောင်း ဆွေးနွေးပွဲမှာရှိနေခဲ့သူ တစ်ဦးက ပြန်ပြောပြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်းဘက်က မွန်ပြည်သစ် ပါတီကို အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးဖို့လည်း တိုက်တွန်းခဲ့ တယ်လို့ မွန်ဒေသခံ သတင်းထောက်တစ်ဦးလည်းဖြစ်၊ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်ကူညီ ဆောင်ရွက်ပေးသူလည်း ဖြစ်တဲ့ ကိုမင်းလတ် က ဘီဘီစီကိုပြောပြပါတယ်။

တကယ်လို့ အခု မထိုးနိုင်ရင်လဲ လက်မှတ်ထိုးမယ့် စာအုပ်ကို ဖွင့်ထားမှာဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ မစခင်အထိ ထိုးနိုင်ကြောင်း၊ လက်မှတ်ထိုးသည် ဖြစ်စေ မထိုးသည် ဖြစ်စေ နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရမှာ ဖြစ်ကြောင်းလည်း ဦးအောင်မင်းက ပြောခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ရှိနေပြီး အဲဒီဆွေးနွေးပွဲ မတိုင်ခင် အခုလို ဦးအောင်မင်းက မွန်ပြည်နယ်ကိုလာပြီး မွန်ခေါင်းဆောင်တွေကို တွေ့ဆုံတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဌ ဘက်ကတော့ ငြိမ်းချမ်းရေးကို လိုလားတဲ့အကြောင်း၊ မဖြစ်ဖြစ်အောင် လုပ်သွားမှာ ဖြစ်ကြောင်းနဲ့ အခုကိစ္စကိုလည်း လုပ်ဖော်ကိုက်ဘက် မိတ်ဆွေတွေနဲ့ တိုင်ပင် ညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ကိုမင်းလတ် က ဘီဘီစီကိုပြောပြပါတယ်။