အန်အယ်ဒီ ၂၇ နှစ်ပြည့်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption အပြောင်းအလဲ အတွက် NLD ကိုမဲထည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံး

၂၇ နှစ်သက်တမ်း ရှိလာပြီ ဖြစ်တဲ့ အန်အယ်ဒီပါတီ အတွင်းမှာ အချင်းချင်း သဘောထား မတူညီ တာတွေဘယ်လိုဘဲ ရှိရှိ၊ နိုင်ငံရေးအရ လိုအပ်လာတဲ့ အခါ ညီညွတ် ကြတဲ့ အစဉ်အလာ ခိုင်ခိုင်မာမာ ရှိနေတယ် လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံကို ၁၉၉၀ တုန်းက ကြုံခဲ့ရသလို အခြေအနေမျိုး ပြန်မရောက်အောင် အရပ်ဖက် အဖွဲ့ အစည်းတွေ၊ သတင်းမီဒီယာတွေ အားကောင်းလာတာတွေ ဟာလည်း အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အန်အယ်ဒီ အနေနဲ့ လူငယ် မျိုးဆက်သစ်တွေကို မွေးဖို့၊ လေ့ကျင့်ပြီး တာဝန်ပေးဖို့၊ အရင်က လုပ်ခဲ့ကြသူ တွေရဲ့ ဇွဲသတ္တိ မျိုး ရှိအောင် သင်ကြားပေးဖို့ အများကြီး ဆောင်ရွက် စရာတွေ ရှိသေးတယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံ ပြုပြင်ပြောင်းလဲ ရေးမှာ အဓိကကျတယ်လို့ အန်အယ်ဒီက လက်ခံထားတဲ့ တပ်မတော် နဲ့ ပေါင်းစည်းရေး ကတော့ မအောင်မြင် သေးဘူးလို့ ပြောရင်ရတယ်လို့ လည်း သူက ဝန်ခံခဲ့ပါတယ်။

အန်အယ်ဒီ အနေနဲ့ တပ်မတော်ကို ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်အနေနဲ့ နိုင်ငံ နဲ့ပြည်သူကို ကာကွယ်ဖို့သာ ဆောင်ရွက်သင့်ပြီး အုပ်ချုပ်ရေးအပိုင်းမှာ ဝင်ပါ တာဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး လို့ယုံကြည်တယ် လို့ဆိုသွားပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ NLD ကရွေးကောက်ပွဲ ဝင်တာနဲ့ ပတ်သက်လို့ မေးရာ မှာတော့ ဒီမိုကရေစီ မှာ ယှဉ်ပြိုင်ခြင်း က အဓိက ဖြစ်လို့ ရွေးကောက်ပွဲ ရလဒ်ကို ညှိနှိုင်း ယူတာဟာ ဒီမိုကရေစီ မဟုတ်ဘူး လို့ ဦးဉာဏ်ဝင်း က ပြောသွားခဲ့ ပါတယ်။