ထိုင်းဆန်တွေ မြန်မာပြည်တွင်း စျေးကွက်ထဲ ထိုးဖောက်

myanmar_rice
Image caption စျေးနှုန်း သက်သာပြီး အရည်အသွေး ကောင်းတဲ့ ထိုင်း ဆန် တွေ သာ မြန်မာပြည်ထဲ အဝင်များ လာရင် ပြည်တွင်း ဆန်စျေးကွက် ထိခိုက် နိုင်။

ထိုင်းနိုင်ငံက ထွက်တဲ့ ဆန်တွေကို ရန်ကုန် မြို့ပေါ် စျေးကွက်ထဲ မှာ တွေ့လာ နေရပါတယ်။

ဒါဟာ မြန်မာပြည်လို ဆန်စပါး အဓိက စိုက်ပျိုး ရောင်းချရာ တိုင်းပြည်ရဲ့ စီးပွားရေး မြို့တော် မှာ ဆယ်စု နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အနေနဲ့ အိမ်နီးချင်း နိုင်ငံရဲ့ ဆန်တွေ စျေးကွက်ထဲ ဝင်ရောက် နေရာယူ လာတာ ဖြစ်ပါတယ်။

ထိုင်းဆန် အမျိုးစား IR-6 နဲ့ IR-8 ဆန်တွေဟာ တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်း ကနေ ဝင်လာ ဖြစ်တယ် လို့ ရန်ကုန် မြို့ခံ ကုန်သည် တွေ က ပြောပါတယ်။

အဲဒီ့ ဆန်တွေ ဟာ မြန်မာပြည် ထွက် ဆင်းသွယ်လတ် နဲ့ ရတနာတိုး ဆန် တွေ နဲ့ အမျိုးအစား တူပါတယ်။

ဒါပေမယ့် ထိုင်းဆန်တွေဟာ စျေး ပိုမို သက်သာ တဲ့ အပြင် အရည်အသွေး ပို ကောင်းတဲ့ အတွက် စျေးကွက်ထဲ နေရာရ လာတာ ဖြစ်တယ် လို့ ဆန်ကုန်သည် တွေက ဆိုပါတယ်။

ထိုင်းဆန် တစ်အိတ်ကို ရန်ကုန် အရောက် ကျပ် ၂သောင်း ၄ထောင် လောက်ပဲ ရှိနေချိန်မှာ အမျိုးစားတူ မြန်မာ ဆန် စျေးက ၂ သောင်းခွဲ လောက် ရှိ နေပြီး ထိုင်းဆန်နဲ့ ယှဉ်ရင် အကျိုးအကျေ များပါတယ်။

ပြည်တွင်း ဆန်စျေး ကလည်း သင်္ကြန်ပြီး ကတည်းက တဖြည်းဖြည်း တက်နေပါတယ်။

ငွေလဲနှုန်း ၂၀% လောက် တက် သွားတဲ့ အတွက် ကျန် ဆန်စျေး ဆီစျေး တွေပါ လိုက်တက် ကုန်ကြ တာ ဖြစ်တယ် လို့ ဆန်ကုန်သည် ကိုမျိုးသူရအေး က ပြောပါတယ်။

စျေးနှုန်း သက်သာပြီး အရည်အသွေး ကောင်းတဲ့ ထိုင်း ဆန် တွေ သာ မြန်မာပြည်ထဲ အဝင်များ လာရင် ပြည်တွင်း ဆန်စျေးကွက် ထိခိုက် နိုင်တဲ့ အတွက် အခုလို ဝင်ရောက် နေတဲ့ အခြေအနေ အပေါ် ကိုင်တွယ် နိုင်ဖို့ စဉ်းစား သင့်တယ် လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှုး ဦးလူမော်မြင့်အောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ