တိုင်းရင်းသား၈ဖွဲ့ အပစ်ရပ်လက်မှတ်ထိုးမယ်

ဓာတ်ပုံ မူပိုင် MPC
Image caption အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ

တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား အဖွဲ့ (၇) ဖွဲ့က လက်မှတ် ရေးထိုးမယ်လို့ ချင်းမိုင်မှာ ပြုလုပ်တဲ့ တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှာ သဘောထား ကြေငြာ လိုက်ပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း နဲ့ ဆိုရင် တိုင်းရင်းသား အဖွဲ့ (၈) ဖွဲ့ လက်မှတ် ထိုးမယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အဖွဲ့ကြီးတွေနဲ့ အများစု က အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးသေးပါဘူး။ လက်မှတ် ထိုးမဲ့ အဖွဲ့နဲ့ လက်မှတ် မထိုးမဲ့ အဖွဲ့ တို့ အများ အမြင်မှာ စည်းရုံးရေး မရှိဘူးလို့ မြင်နိုင်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် တိုင်းရင်းသား ခေါင်းဆောင် တွေကတော့ တစ်ဖွဲ့ခြင်း အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရတာ ဖြစ်လို့ မျက်နှာ ပျက်စရာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ကြမယ့် အဖွဲ့တွေက KNU၊ DKBA၊ ပီစီ ငြိမ်းချမ်းရေး ကောင်စီ၊ ANLP ရခိုင်၊ ABSDF ကျောင်းသား တပ်မတော်၊ PNLO ပအို့နဲ့ CNF ချင်း အဖွဲ့တွေ ဖြစ်ပါတယ်။

FCSS ရှမ်းပြည် တပ်မတော် တောင်ပိုင်း က လက်မှတ် ရေးထိုးဖို့ ကရင် ၃ ဖွဲ့ နဲ့ ပူးပေါင်း ကြေညာချက် ထုတ်ထားတဲ့ အတွက် လက်မှတ် ရေးထိုးမဲ့ အဖွဲ့ အားလုံးပေါင်းရင် (၈) ဖွဲ့ ဖြစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်မှတ် မထိုးမယ့် အထဲမှာ KIO ကချင်အဖွဲ့၊ မွန်ပြည်သစ်၊ KNPP ကရင်နီ တို့အပြင် SSPP ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့တို့လို အဖွဲ့ကြီး ၁၄ ဖွဲ့ ကျန်တယ်လို့ ဆိုပါတယ်။

အမြင်ချင်း မတူပေမယ့် ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားဖို့ မူဝါဒကိုလည်း ချမှတ်ထားတယ်လို့ ချင်းမိုင် တိုင်းရင်းသား ထိပ်သီး အစည်းအဝေး ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပူဇင်ကျုံးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးမယ့် နေ့ကို လာမယ့် (၃)ရက် အတွင်း အစိုးရ နဲ့ ညှိနှိုင်းပြီး တရားဝင် ဖိတ်စာ ပို့သွားမယ်လို့ အစည်းအဝေး တက်ရောက် ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။