ဘန်ကီမွန်းဝေဖန်မှု လူ့အခွင့်အရေးကော်မရှင် တုံ့ပြန်

Rohinga Refugees in Burma ဓာတ်ပုံ မူပိုင် Getty
Image caption ဝှိုက်ကတ် ကိုင်သူတွေ အရင်က ရခဲ့တဲ့ မဲပေးနိုင်ခွင့် ပြန်ပေးဖို့ ကုလ အကြီးအကဲ တောင်းဆို

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ နိုင်ငံက ရိုဟင်ဂျာနဲ့ ကမန်မွတ်ဆလင်တွေရဲ့ အခြေအနေဟာ အလွန်အမင်း ဆိုးရွားလှတယ်လို့ ပြောဆိုပြီး အစိုးရရဲ့ ကိုင်တွယ်ပုံကို ထောက်ပြ ဝေဖန်လိုက်ပါတယ်။

နယူးယောက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန် အခုလို ပြောလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်သူ တွေရဲ့အမုန်းတရား ဟောပြောမှုတွေကို ဖြစ်တဲ့နည်းနဲ့ တားဆီးဖို့ အပြင် အတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့လည်းမစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရကတော့ ကုလသမဂ္ဂရဲ့ အခုလိုပြောဆိုချက်တွေကို အရင်က ပယ်ချခဲ့ဖူး ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ကတော့ မြန်မာ နိုင်ငံတွင်းက အစ္စလာမ် ဘာသာဝင် ကမန်လူမျိုးတွေရဲ့ ပညာသင်ခွင့်၊ ခရီးသွားလာခွင့်နဲ့ မှတ်ပုံတင် ရရှိရေး အခက်အခဲတွေကို ဖြေရှင်း လုပ်ဆောင်ဖို့ ပြည်ထောင်စု အစိုးရ အဖွဲ့ကို အကြံပြု တိုက်တွန်း ခဲ့တယ်လို့ ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

ကုလ သမဂ္ဂက ရိုဟင်ဂျာလို့ ရည်ညွှန်းပြီး မြန်မာ အစိုးရက ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေ အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းက မဲပေးခွင့် ရခဲ့ကြတာ မှန်ပေမဲ့ အခု အတည်ပြုပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ မဲပေးခွင့် မရနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

လူ့အခွင့် အရေးနစ်နာ မှုတွေကို သုံးသပ်ရာမှာ ကော်မရှင် အနေနဲ့က ဥပဒေနဲ့ ညီမညီ ဆိုတာကို ထည့်သွင်း ကြည့်လေ့ ရှိတဲ့ အတွက် အရင်က ရခဲ့ပြီး အခု မရတော့တဲ့ အခွင့် အရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်တာဆိုရင်တော့ သူတို့ နစ်နာတယ်လို့ မဆိုနိုင်တဲ့ အကြောင်းလည်း ဦးစစ်မြိုင်က ပြောပါတယ်။

နိုင်ငံသား ဖြစ်ဖို့ အခွင့် အရေး ရှိနေတဲ့ ဘင်္ဂါလီတွေ အနေနဲ့ လက်ရှိ နိုင်ငံတော်က ပြုလုပ်နေတဲ့ နိုင်ငံသား ပြုမှု အစီအစဉ်မှာ ပါဝင် လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ