နေပြည်တော်မှာ လူသတ် အဓမ္မကျင့်မှု ဖြစ်

ဓာတ်ပုံ မူပိုင် bbc
Image caption နေပြည်တော် ဂျန်းရှင်း စင်တာ

နေပြည်တော် ရဲ့ စည်ကား ရာ နေရာ တစ်ခု ဖြစ်တဲ့ JUNCTION လယ်ဝေး စင်တာ အနီးမှာ စက်တင်ဘာလ ၂၉ ရက်နေ့က၊ လူငယ် စုံတွဲ (၁) တွဲကို လူ (၄) ဦးက ဓါးထောက် ခေါ်ဆောင်ပြီး အဓမ္မပြုကျင့် သတ်ဖြတ် မှုဖြစ်ပွားခဲ့ပါတယ်။

လယ်ဝေး မြို့နယ်မှာ နေတဲ့ ညားခါစ လင်မယား ကိုချစ်နိုင်ဦး နဲ့ မငြိမ်းငြိမ်းသော်ဇင် တို့ နှစ်ဦး ဟာ နေပြည်တော်မှာ သွားရောက် လည်ပါတ်ရင်း ည ၁ နာရီအချိန် JUNCTION စင်တာ အနီးမှာ လူလေးဦးက ဆိုင်ကယ် (၂) စီး နဲ့ ညှပ်ပြီး ခေါ်ဆောင် သွားခဲ့တာလို့ နယ်မြေ မှုခင်းဌာန က ဒုရဲမှူးကြီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သူတို့ နှစ်ဦးလုံး ဟာ အသက် ၁၆ နှစ် အရွယ် သာ ရှိသေးတဲ့ လူငယ် တွေ ဖြစ်ပါတယ်။

ကိုချစ်နိုင်ဦး ဟာ ဓါးနဲ့ ထိုး သတ်ခံ ခဲ့ ရ ပြီး သူ့ဇနီး ဖြစ်သူက တော့ အဓမ္မ ပြုကျင့်ခံ ခဲ့ရ တယ်လို့ ရဲက ပြောပါတယ်။

အဲဒီ နောက်မှာတော့ အမျိုးသမီး ဟာထွက်ပြေးလွတ်မြောက်သွားပြီး နီးစပ်ရာ တဲ တစ်ခုမှာ ပုန်းအောင်းနေခဲ့ပါတယ်။

မနက် မိုးလင်းမှ ရဲစခန်းကို လာရောက် တိုင်တန်းတာလို့ စောစောကရဲအရာရှိက ဆက်ပြောပါတယ်။

ဒက္ခိဏ သီရိ မြို့နယ် ထဲက သံတမန် အိမ်ယာ အနီးမှာ ဒီ အခင်း ဖြစ်ပွားခဲ့တာပါ။

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းမှာ ဒါဟာ ပထမဆုံး ဖြစ်တဲ့ ဖြစ်စဉ်လို့လည်း နယ်မြေ မှုခင်း ရဲ အရာရှိ က ပြောပါတယ်။

ဒီမှုခင်း ဖြစ်စဉ်ကြောင့် နေပြည်တော်မှာ နေထိုင်တဲ့လူတွေ အကြား စိုးရိမ်ထိတ်လန့်မှု တွေ ရှိလာတယ်လို့ JUNCTION စင်တာ အနီး ဆိုင်ကယ် အငှား ယာဉ်မောင်း တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းက စတင်ပြီး နှစ်စဉ် အဓမ္မ ပြုကျင့်မှုတွေ တိုးပွား လာသလို မြို့ကြီး အချို့ မှာလည်း လူသတ်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွား နေပါတယ်။ အဲဒီလို ဒုစရိုက်မှု များပြား လာတာတွေနဲ့ ပါတ်သက်လို့ အများပြည်သူ ကြားမှာ လုံခြုံမှု မရှိဘူး ဆိုတဲ့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။