ရန်ကုန်-စစ်တွေ ကုန်တင်သင်္ဘော နစ်မြုပ်

Image caption ပျောက်ဆုံးသွားတဲ့ ကံ့ကော်ထူး (၁) ကုန်တင် သင်္ဘောဟာ ဧရာဝတီတိုင်း ပြင်စလူ နားက ပင်လယ်ပြင်မှာ နစ်မြုပ် သွားတာလို့ ခန့်မှန်းရ

ရန်ကုန်ကနေ စစ်တွေကို ထွက်ခွာလာတဲ့ ကုန်တင်သင်္ဘော တစ်စင်း လမ်းမှာ နစ်မြုပ်သွားရာမှာ အခုအခါ အလောင်း နှစ်လောင်းကို ရှာဖွေ တွေ့ခဲ့ပြီး ကျန်တဲ့ သင်္ဘောသား ၉ ဦးကတော့ ပျောက်နေတယ်လို့ သိရပါတယ်။

ကံ့ကော်ထူး (၁) ကုန်တင် သင်္ဘောဟာ ရန်ကုန်ကနေ စစ်တွေကို စက်တင်ဘာလ ၁၇ ရက်နေ့က ထွက်ခွာလာရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေက စပြီး အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ပြင်မှာ မျောနေတဲ့ ပစ္စည်းပစ္စယတွေအရ သင်္ဘောဟာ ဧရာဝတီတိုင်း ပြင်စလူ နားက ပင်လယ်ပြင်မှာ နစ်မြုပ်သွား ခဲ့တာလို့ ခန့်မှန်းရကြောင်း ရခိုင်ပြည်နယ် ရေကြောင်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးထင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီမှာ ရာသီဥတု အခြေအနေက အရမ်းဆိုးနေတယ်လို့လည်း ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၉ ဦးကိုတော့ ပင်လယ်ပြင်မှာ အခုအချိန်ထိ လိုက်ရှာနေတုန်းဘဲလို့ ပြောပါတယ်။

အခု နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘော ကံ့ကော်ထူး (၁) ဟာ ကုန်တန်ချိန် ၄၅၀ ကို တင်ဆောင်ပြီး ရန်ကုန်မြို့ ဘုရင့်နောင် ဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့တာပါ။

ဒေသခံတွေရဲ့ အပြောအရ သင်္ဘောပေါ်က ပစ္စည်းတွေဟာ အခုအခါ ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ လာတင် နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။