Amnesty အဖွဲ့ မြန်မာပြည် အစီရင်ခံစာထုတ်

amnesty international logo ဓာတ်ပုံ မူပိုင် logo
Image caption နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ကနေ မြန်မာ အာဏာပိုင် တွေ ဟာ ငြိမ်းချမ်းစွာ စည်းရုံး လှုပ်ရှားသူ တွေ အပေါ် အရင် လမ်းဟောင်း အတိုင်း အပြင်းအထန် ဖိနှိပ်မှု တွေ လုပ်နေတယ် လို့ အောက်တိုဘာ ၇ ရက် နေ့စွဲ နဲ့ ကြေညာချက် ထုတ်ပြန် စွပ်စွဲ လိုက်ပါတယ်။

ယုံကြည်ချက် ကြောင့် အကျဉ်းကျ နေသူ အယောက် ၁ဝဝ နီးပါး ကိုလည်း ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဘယ်လို အချက်တွေ ကြောင့် အခုလို မြန်မာအစိုးရ အပေါ် ပြင်းပြင်း ထန်ထန် စွပ်စွဲပြောဆိုမှုတွေ လုပ်လာ ရတာပါလဲ။

Amnesty International အဖွဲ့ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ သုတေသနမှူး Laura Haigh ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့

ကျွန်မတို့ စိုးရိမ်တာ တွေ့နေရတဲ့ လွတ်လပ်စွာ စုဝေး ထုတ်ဖော် ပြောဆိုမှု တွေ အပေါ် နှိပ်ကွပ် မှုတွေ တိုးများလာနေတာပဲ ဖြစ်ပါတယ်။ ၂ဝ၁၄ ကနေ ပိုပြီး ဆိုးလာနေတာ ကိုတွေ့ရပါတယ်။ အဲဒိ အထဲက တခုကို ပြောရမယ် ဆိုရင် တော့ ငြိမ်းချမ်းချမ်း လှုပ်ရှား ဆောင်ရွက် နေတဲ့ မျိုးဆက်သစ် တွေကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

မေး - အစိုးရ ကတော့ ဒီလိုဆောင်ရွက် တာတွေ ဟာ ခွင့်ပြုချက်မပြုယူဘဲ လူစုလူဝေး လုပ်တာတွေ ဆန္ဒပြတာတွေ လုပ်ခဲ့တာ ဖြစ်လို့ ဥပဒေအရ အရေးယူ ဆောင်ရွက်ရတာလို့ ပြောပါတယ်။ အဲဒါကိုရော ဘာပြောမလဲဗျ။

မြန်မာ အာဏာပိုင် တွေက ဖိနှိပ်တဲ့ ဥပဒေ တွေကို အများကြီး သုံးနေတာပါ။ အဲဒီ ဥပဒေတွေဟာ နိုင်ငံတကာ က သတ်မှတ် ထားတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ သူတို့ဟာ အဲဒီဥပဒေတွေနဲ့ ငြိမ်းချမ်းစွာ လှုပ်ရှား ဆောင်ရွက်သူ တွေကို ဖမ်းဆီးဖို့သာ ဖြစ်ပါတယ်။

မေး - အခုဆို ရွေးကောက်ပွဲ ကလည်း ၁ လပဲ လိုတော့တာ ဆိုတော့ အဓိက အတိုက်အခံ ပါတီတွေဆို လွတ်လွတ် လပ်လပ် စည်းရုံး လှုပ်ရှားနိုင် နေတာပဲလေ၊ အဲဒါကို ရော ဘယ်လို ပြောမလဲဗျ။

ကျွန်မတို့ ကတော့ ဒီအခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆို စည်းရုံးမှုတွေ အပေါ် ကန့်သတ်မှုတွေ လုပ်မလုပ် ကို ကြည့်တာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲကလည်း နိုင်ငံတကာက အထူးကို အာရုံစိုက် နေတာ မလုပ်လား။ ကျွန်မ တို့က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖိနှိပ်မှုတွေ ဘာတွေရှိခဲ့လဲ ဆိုတာကို ပြောနေတာပါ။ အစိုးရက စိန်ခေါ်မှုတွေ ရင်ဆိုင်ရပြီ ဆိုရင် ဖိနှိပ် ဖမ်းဆီးထောင်ချတာတွေကို အရင်အတိုင်းလုပ်တာလေ။ အရင် နှစ်ပိုင်း တွေကနေ အခုနှစ်ထိတွေ့နေရပါတယ်။

မေး - မကြာ သေးခင်က အစိုးရ ကနေ အကျဉ်းသားများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေ ရှိပါတယ်။ အဲဒါတွေက ကောင်းတဲ့ လက္ခဏာတွေ မဟုတ်ဘူးလား။

ပြီးခဲ့တဲ့ ၂ နှစ် အတွင်း အကျဉ်သား အများအပြားကို လွှတ်ပေးခဲ့တာ ပါ။ ဒါပေမဲ့ တကယ်တမ်း မှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေက လွတ်လာတဲ့ အထဲမှာ အရမ်းကို နည်းပါတယ်။

မြန်မာ နိုင်ငံ ဟာ သမိုင်းမှာ အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါကို ရောက်နေပြီ။ လာမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အနာဂတ် အတွက် အင်မတန်မှာ အရေးကြီးမှာ ဖြစ်ပါတယ်။ ဒီတော့ လူ့အခွင့်အရေး အတွက် လှုပ်ရှား ဆောင်ရွက်သူတွေ လည်း တိုင်းပြည် အနာဂတ်မှာ ပါဝင်ခွင့်ရဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ယုံ ကြည်ချက် ကြောင့် အကျဉ်းကျနေသူ အားလုံးကို အခု လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ