သမ္မတမဖြစ်လည်း အစိုးရကို ဦးဆောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

dassk_ ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ ရာထူး ကို ရရှိနိုင်ဖို့ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ အတားအဆီး ဖြစ်နေ။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် က ရွေးကောက်ပွဲ အလွန် နိုင်ငံရေး ရည်မှန်းချက် နဲ့ ပတ်သက်ပြီး NLD ပါတီသာ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ရင် သူ့ အနေနဲ့ သမ္မတ မဖြစ်နိုင်ရင် တောင် အစိုးရ အဖွဲ့ကို ဦးဆောင် သွားမယ် ဆိုပြီး ပြောခဲ့ ပါတယ်။

India Today ရုပ်မြင်သံကြား က ဝါရင့် သတင်းထောက် Karan Tharpar နဲ့ တွေ့ဆုံ တုန်း အခုလို ပြောကြား လာတာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့ရဲ့ အာဏာ အမြင့်ဆုံး သမ္မတ ရာထူး ကို ရရှိနိုင်ဖို့ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ အတားအဆီး ဖြစ်နေချိန် မှာပဲ အစိုးရ အဖွဲ့ ကို ဦးဆောင် မယ် လို့ ပြော လာတဲ့ ဒေါ်အောင်ဆန်းစုကြည် စကား ရဲ့ အဓိပ္ပာယ် နဲ့ ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေး အပြောင်း အလဲ ကို စောင့်ကြည့် နေသူတွေ ကြား ဆွေးနွေး စရာ ဖြစ်လာ ပါတယ်။

ဖွဲ့စည်းပုံ ရဲ့ ချို့ယွင်းမှု တွေ ကြောင့် ဒေါ် အောင်ဆန်းစု ကြည် အနေနဲ့ အခုလို ပြောရတာ ပဲ ဖြစ်တယ် လို့ NLD ရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်လည်း ဖြစ်၊ ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး လည်း ဖြစ်တဲ့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

NLD ပါတီ သာ အစိုးရ ဖွဲ့ပြီး အဲဒီ့ အစိုးရ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် က ဦးစီး ချုပ်ကိုင် တဲ့ အချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ အလိုလို အကောင်အထည် ပေါ်လာမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း တချိန်မှာ သမ္မတ ဖြစ်လာ နိုင်လိမ့်မယ်လို့ ဦးဝင်းထိန် က ဆိုပါတယ်။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အရ အစိုးရ အဖွဲ့ အကြီးအကဲ ဖြစ်တဲ့ သမ္မတ ဆီမှာတောင် တကယ်တမ်း အာဏာ မရှိပဲ စစ်တပ် မှာပဲ ရှိတယ်လို့ မြန်မာ့ နိုင်ငံရေး ကို လေ့လာ သုံးသပ် နေသူလည်း ဖြစ်၊ ဧရာဝတီ သတင်း မီဒီယာ ရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးအောင်ဇော် ကတော့ ပြောပါတယ်။

ဒါကြောင့် စစ်တပ် အနေနဲ့ အခြေခံ ဥပဒေ အကာအကွယ် နဲ့ ပဲ ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရ အပေါ် ချယ်လှယ်ခွင့် ပြု မှာ မဟုတ်ဘူး လို့လည်း ကိုအောင်ဇော်က သုံးသပ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ် အပါအဝင် လက်ရှိ အာဏာပိုင် တွေ နဲ့ အကြား နိုင်ငံရေး သဘောတူညီမှု တစုံတရာ ရှိနေတဲ့ အတွက် အခုလို ပြောတာ များလား ဆိုတာ ကလည်း မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်တယ် လို့ ဦးအောင်ဇော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ