ကြံ့ခိုင်ရေးရဲ့ မဲဆွယ်စကားအပေါ် ဝေဖန်နေ

_usdp_election_campaign
Image caption အာဇာနည်ကုန်း ဗုံးခွဲခံခဲ့ ရတဲ့ နေ့ရက် လို မျိုး အချက်အလက် တွေ ကို အတိတကျ ထည့်သွင်း ပြောခဲ့တာ ကို ကြည့်ရင် အသေအချာ ပြင်ဆင် ပြီး ပြောခဲ့တာကို ဖော်ပြ နေတယ်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က အောက်တိုဘာလ ၁၀ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ဝေဖန်သံ တွေ ထွက်ပေါ် နေပါတယ်။

ကြံခိုင်ရေး ပါတီဝင်ရဲ့ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးမြငြိမ်း က ရန်ကုန်မြို့မှာ အနီ မလွှမ်းရဘူး၊ အစိမ်းတွေပဲ လွှမ်းရမယ် လို့ ပြောခဲ့သလို အနီလွှမ်းတယ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အာဇာနည်ကုန်း ဗုံးခွဲ ခံခဲ့ရတဲ့ ဖြစ်ရပ် အပေါ် ရည်ညွှန်း ပြောဆိုခဲ့တဲ့ အတွက် ပြိုင်ဘက် ပါတီ အပေါ် ထိုးနှက်တာ သာမကပဲ ခြိမ်းခြောက် ပြောဆိုရာလည်း ရောက်တယ် ဆိုပြီး ဝေဖန် နေကြတာ ဖြစ်ပါတယ်။

အာဇာနည်ကုန်း ဗုံးခွဲခံခဲ့ ရတဲ့ နေ့ရက် လို မျိုး အချက်အလက် တွေ ကို အတိတကျ ထည့်သွင်း ပြောခဲ့တာ ကို ကြည့်ရင် အသေအချာ ပြင်ဆင် ပြီး ပြောခဲ့တာကို ဖော်ပြ နေတယ် လို့ နိုင်ငံရေး ဝေဖန်သူ သတင်းစာ ဆရာ စည်သူအောင်မြင့် က ပြောပါတယ်။

အနီ ဆိုတာ ကို ပြိုင်ဘက် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ရည်ညွှန်းပြီး အစိမ်း ဆိုတာ ကို ကြံ့ခိုင်ရေးပါတီ ကို ဆိုလိုတဲ့ အနေနဲ့ ယူဆ နေကြတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေး ပါတီ ရဲ့ ရန်ကုန်တိုင်း အောင်နိုင်ရေး တာဝန်ခံ ဦးသာဝင်းကတော့ ဦးမြငြိမ်း ရဲ့ ပြောဆိုမှုဟာ ပါတီ ဝင်တွေအပေါ်မှာ စည်းရုံးရေး စကားမျိုး ပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့ အချိန် မှာ အခုလို အပြိုင်အဆိုင် ရွေးကောက်ပွဲ မဲဆွယ်မှု တွေ ပြင်းထန် လာပြီး ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အကြိတ်အနယ် အရှိဆုံး ဖြစ်မယ့် ရွေးကောက်ပွဲ တစ်ရပ် ဖြစ်လာလိမ့်မယ် ဆိုပြီး လေ့လာသူတွေ က ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ