နိုင်ငံရေးသရော်တဲ့ ဓာတ်ပုံကြောင့် အဖမ်းခံရ

chaw_sandi_tun_
Image caption ဗဟန်း ရဲစခန်း က နေ ဖမ်းဆီး လိုက်တာ ဖြစ်ပြီး မအူပင် ရဲစခန်းကို ခေါ်ဆောင် သွားမယ် လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ ရဲ့ ပုံ တွေ နဲ့ အတူ နိုင်ငံရေး သရော်တဲ့ စာသားတွေ ပါဝင်တဲ့ ဓာတ်ပုံကို Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ် တင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ဦး ကို အောက်တိုဘာ ၁၂ ရက် နေ့ မှာ ရဲက ဖမ်းဆီး လိုက် ပါတယ်။

အခုလို အဖမ်းခံ လိုက်ရ သူဟာ ချောစန္ဒီထွန်း လို့ ခေါ်ပြီး သူဟာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံ အားပေးသူ တစ်ဦး ဖြစ်ပြီး အင်တာနက် လူမှု ကွန်ရက် ကနေ တဆင့် NLD အတွက် စည်းရုံးမှု တွေ ကို တက်တက်ကြွကြွ လုပ်ဆောင် နေသူ ဖြစ်ပါတယ်။

မအူပင် မြို့ခံ တစ်ဦး ဖြစ်တဲ့ မချောစန္ဒီထွန်း ကို ရန်ကုန် မှာ ရှိနေတုန်း ဗဟန်း ရဲစခန်း က နေ ဖမ်းဆီး လိုက်တာ ဖြစ်ပြီး မအူပင် ရဲစခန်းကို ခေါ်ဆောင် သွားမယ် လို့ သိရပါတယ်။

အီလက်ထရောနစ် ဥပဒေ ပုဒ်မ တွေ နဲ့ ငြိစွန်းလို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ် ဆိုပြီး ရဲ က ပြောကြောင်း မချောစန္ဒီထွန်း က ဗဟန်း ရဲစခန်း မှာ ရှိ နေစဉ် မှာပဲ ဘီဘီစီ ကို ပြောပါတယ်။

ပုသိမ်က ဗိုလ်မှုး တစ်ယောက် က တရားလို လုပ်ပြီး တရားစွဲ ထားတာ ဖြစ်တယ် လို့လည်း မချောစန္ဒီထွန်း က ဆိုပါတယ်။

Facebook ပေါ် သူတင်တဲ့ သရော် ဓာတ်ပုံ ကို ပြန်လည် ဖြုတ်ချ ခဲ့ပြီး ဖြစ်ပေမယ့် တင်ထား စဉ် screenshot လို့ ခေါ်တဲ့ မှတ်တမ်း သက်သေ ရယူပြီး အမှုဖွင့်ပုံ ရတယ်လို့ မချောစန္ဒီထွန်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ