ဝမ်ဟိုင်း ဌာနချုပ်ရဲ့ လုံခြုံရေး စခန်းတွေ အတိုက်ခံရ

_ssa_sspp_soldiers ဓာတ်ပုံ မူပိုင် no credits
Image caption စခန်းတွေ သာ ကျသွားရင် ဝမ်ဟိုင်း ဌာနချုပ် အတွက် စိုးရိမ် ရ။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ရဲ့ ဝမ်ဟိုင်း ဌာနချုပ် ကို လုံခြုံရေး ယူပေး နေတဲ့ ရှေ့တန်း စခန်း တွေ ကို ပြီးခဲ့တဲ့ တနင်္ဂနွေ အောက်တိုဘာ ၁၁ ရက်နေ့ က အစိုးရ စစ်တပ် ကနေ တိုက်ခိုက် ခဲ့ ပါတယ်။

ဌာနချုပ် စခန်းနဲ့ ၁၀ မိုင် အကွာလောက် မှာ ရှိတဲ့ နမ့်ပန်ချောင်း နံဘေး က စခန်း တွေ ကို ဖယ်ရှား မပေးရ ရင် ဌာနချုပ် ထိ တက်သိမ်း မယ် ဆိုပြီး အစိုးရတပ် က ရာဇသံ ပေး ထားတဲ့ အတိုင်း အခုလို ထိုးစစ် ဆင်လာ တာ ဖြစ်သလို ဌာနချုပ် ကိုပါ ၁၂၀ မမ လက်နက်ကြီး ကျည် ၈ လုံး ပစ်ခတ် ခဲ့ပါတယ်။

ဒါပေမယ့် လက်နက်ကြီး ကျည်တွေဟာ ကွင်းပြင် ထဲပဲ ကျပြီး ဌာနချုပ် ကို အထိအခိုက် မရှိ ခဲ့ဘူး လို့ SSPP ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ က ဖယ်ရှားပေးဖို့ ပြောနေတဲ့ အဲဒီ့ စခန်းတွေ သာ ကျသွားရင် ဝမ်ဟိုင်း ဌာနချုပ် အတွက် စိုးရိမ် ရတယ် လို့ လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ဆိုပါတယ်။

အခုလို အစိုးရ စစ်တပ် က ထိုးစစ်ဆင် လာတဲ့ အပေါ် အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ကို ဦးဆောင် နေသူ တစ်ဦး ဖြစ်တဲ့ ဦးသိန်းဇော် ကို အီးမေးလ် ကနေ တဆင့် ဆက်သွယ် မှုတွေ ပြုလုပ် ထားပေမယ့် အကြောင်း မပြန် သေးဘူးလို့ လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

အစိုးရ စစ်တပ်ဘက် က နောက်ထပ် စစ်အင်အား ၅၀၀ လောက် ထပ်ဖြည့် လာတယ် လို့လည်း ဆိုပါတယ်။

တကယ် လို့ အစိုးရ တပ်တွေက ဝမ်းဟိုင်း ဌာနချုပ်ကို တိုက်ခိုက် လာမယ် ဆိုရင် ဖြန့်ကျက် နေတဲ့ သူတို့ တပ်တွေက နေရာအနှံ့ တိုက်ပွဲတွေ ဖော်ဆောင် သွားမယ် လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ