အစိုးရ၀န်ကြီး မဲဆွယ်တာကို ဒေသခံ အာဏာပိုင်တွေက ကူညီ

_myanmar_election ဓာတ်ပုံ မူပိုင် Reuters
Image caption မဲဆန္ဒရှင် နည်းပါး တဲ့ ကယား ပြည်နယ် ထဲမှာ လွှတ်တော် နေရာ တွေ သေချာ ပေါက် ရရှိ နိုင်တယ် လို့ ယူဆပြီး အစိုးရ နဲ့ အတိုက်အခံ ပါတီ တွေ အာရုံစိုက် လာပြိုင် နေကြတာ ဖြစ်တယ် လို့ ဒေသခံ ကယား ပါတီ တွေ ဘက်ကလည်း ဝေဖန်။

လက်ရှိ သမ္မတရုံး ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ကျရင် သူ တသီး ပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကယားပြည်နယ် ရှားတော မြို့နယ် ထဲ မှာ မဲဆွယ် စည်းရုံးတဲ့ အခါ ဒေသခံ အာဏာပိုင် တွေက ဝိုင်း၀န်း ပံ့ပိုး ကူညီ ခဲ့တဲ့ အတွက် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ကန့်ကွက်မှု တွေ ပြုလုပ် ထားတယ် လို့ NLD ပါတီ ဘက်က ပြောပါတယ်။

ကယား ပြည်နယ် ထဲမှာ ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု အစိုးရ အဖွဲ့၀င် နောက် တစ်ဦး ဖြစ်တဲ့ ဝန်ကြီး ဦးစိုးသိမ်း နဲ့ လက်ရှိ ကယားပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးခင်မောင်ဦး တို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ မဲဆွယ်တဲ့ အခါ ကျပ်ငွေ သိန်း ၁၀၀ ထက် ပို မသုံးရ ဘူး ဆိုတဲ့ ဥပဒေ အကန့်အသတ် ရှိနေပေမယ့် အာဏာလက်ရှိ ထိပ်သီးတွေ မဲဆွယ်တဲ့ အခါ ငွေကြေး ပုံအော သုံးစွဲ နေတယ် ဆိုတဲ့ ဝေဖန်သံတွေ ရှိနေရုံ သာမက အစိုးရ ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ကိုပါ အသုံးချပြီး ဒေသခံ တွေကို မက်လုံးပေး မဲဆွယ် နေတယ် လို့လည်း စွပ်စွဲ မှု တွေ ထွက်ပေါ် လာ ပါတယ်။

ဒီလို အချက်အလက် တွေ ကို NLD ပါတီ အနေနဲ့ စုစောင်း စိစစ် နေဆဲ ဖြစ်ပြီး အထောက်ထား ခိုင်လုံ မှသာ ထုတ်ဖော် ကန့်ကွက်မှု တွေ ပြုလုပ်မယ် လို့ NLD ရဲ့ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

ကယား ပြည်နယ် ထဲ မှာ အခုလို ထိပ်သီး အစိုးရ အဖွဲ့ဝင် တွေ လာရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်သလို အဓိက အတိုက်အခံ ပါတီ အဖြစ် ရှုမြင် ထားကြတဲ့ NLD ပါတီ လည်း ဝင်ပြိုင် မှာ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ အတွင်း အကြိတ်အနယ် အရှိ နိုင်ဆုံး နေရာ တွေ ထဲ က တစ်ခု ဆိုပြီး စောင့်ကြည့် လေ့လာသူတွေ က ခန့်မှန်း ထားကြပါတယ်။

မဲဆန္ဒရှင် နည်းပါး တဲ့ ကယား ပြည်နယ် ထဲမှာ လွှတ်တော် နေရာ တွေ သေချာ ပေါက် ရရှိ နိုင်တယ် လို့ ယူဆပြီး အစိုးရ နဲ့ အတိုက်အခံ ပါတီ တွေ အာရုံစိုက် လာပြိုင် နေကြတာ ဖြစ်တယ် လို့ ဒေသခံ ကယား ပါတီ တွေ ဘက် ကလည်း ဝေဖန် နေကြ ပါတယ်။