ဘာသာရေး တင်းမာမှုတွေ လျော့ကျရေး အမေရိကန် တိုက်တွန်း

ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲကို အမေရိကန် အစိုးရ အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဆို

မြန်မာနိုင်ငံကို ၂ရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံတော် လုံခြုံရေး ဒုတိယ အကြံပေး ပုဂ္ဂိုလ် Ben Rhodes က ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိရေး၊ အားလုံး ပါဝင်နိုင်ရေးနဲ့ အများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးက သိပ်ကို အရေးကြီးတယ်လို့ သူ့ရဲ့ ခရီးစဉ်အပြီး အောက်တိုဘာလ ၂၀ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မစ္စတာ Ben Rhodes ဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ စေလွှတ်ချက်အရ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဘာသာရေး နဲ့ လူမျိုးစု ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အသီးသီး တွေ့ဆုံခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲထည့်ခွင့် ရဖို့၊ တချို့ဒေသတွေမှာ ရွေးကောက်ပွဲ တချိန်တည်း မကျင်းပနိုင်ရင်လည်း နောက်မှာ ကျင်းပခွင့်ရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍက အရေးပါကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ နိုင်ငံတကာ လေ့လာသူတွေ ဝင်ရောက် ကြည့်ရှုခွင့်ရဖို့ ၊ ရွေးကောက်ပွဲ ရလဒ်တွေ အတိုင်း အစိုးရသစ် တရပ် ပေါ်ထွန်းလာအောင် အင်အားစု အားလုံးက ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ရေးထိုးနိုင်တာဟာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက် ရာမှာ လွန်စွာ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်ကြောင်းနဲ့ အပစ်ရပ်စဲရေး မှာ လောလောဆယ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ နောင် လက်မှတ်ထိုးနိုင်ဖို့ သူတို့ နယ်မြေတွေမှာ အစိုးရတပ်တွေက ထိုးစစ်တွေ မလုပ်ဘဲ ဆိုင်းငံ့စေချင်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ လူမှု အကူအညီတွေ ပိုရနိုင်ဖို့၊ နိုင်ငံသား အခွင့်အရေးတွေ ရဖို့နဲ့ အရင် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေ မဲ ပေးခွင့် ဆက်ရနိုင်ဖို့ တွေကိုလည်း Ben Rhodesက ပြောသွားပါတယ်။

နိုင်ငံအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေ အရင်ကထက် များလာပေမယ့် ဘာသာရေးဟာ နိုင်ငံရေးမှာ ပိုအရေးကြီးလာတာမျိုးကြောင့် မတည်မငြိမ် ဖြစ်စေနိုင်တဲ့ စိန်ခေါ်မှုတွေ တွေ့ရတယ် လို့လည်း ဆိုပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ကွဲပြားမှု ရှိဖို့ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေရင် ဘာသာရေး အရ လူနည်းစု တွေကို ဖိနှိပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကို အမေရိကန် က အနီးကပ် စောင့်ကြည့်နေသလို အများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ အဆုံးအဖြတ်ဟာ မြန်မာ ပြည်သူလူထု အပေါ်မှာ မူတည်နေတယ်လို့ အမေရိကန် နိုင်ငံတော် လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် မစ္စတာ Ben Rhodes က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။