မိုင်းရှူး ပေါက်ကွဲမှု ၄ဦး ဒဏ်ရာရ

Image caption ရှမ်းပြည်တောင်ပိုင်း မြို့တွေမှာ အခုရက်ပိုင်း အတွင်း ပေါက်ကွဲမှု ၃ကြိမ် ဖြစ်ခဲ့

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့ ရပ်ကွက် ၄ မှာ အောက်တိုဘာလ ၂၁ရက်နေ့ ညနေပိုင်းက ဗုံးတလုံး ပေါက်ကွဲ ခဲ့ပြီး လူ၄ဦး ဒဏ်ရာရ သွားပါတယ်။

ရှမ်းစာပေ ယဉ်ကျေးမှုအသင်း ရုံးခန်းမနားက လူသွားလူလာ တွေ ရှိတဲ့ လမ်းဘေးမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဖြတ်သွားဖြတ်လာ ကိုရင်၂ပါး၊ အသက် ၇၅ နှစ် အရွယ်လောက် ရှိတဲ့ အဘွားအိုတဦးနဲ့ မိန်းကလေးငယ် တဦးတို့ ဒဏ်ရာ ရသွားကြတယ်လို့ SNLD ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

အဘွားအိုက အသက်ကြီးတဲ့အတွက် ထိတ်လန့်သွားပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း လဲချားမြို့မှာ တခါ၊ မိုင်းဆန်မြို့မှာ တခါ၊ အခု မိုင်းရှူးမြို့မှာ တခါ စုစုပေါင်း ပေါက်ကွဲမှု ၃ခါ ဖြစ်ပွားခဲ့ပါတယ်။

အခု ပေါက်ကွဲခဲ့တဲ့ ဗုံးက ပြင်းထန်တဲ့ ဗုံးမဟုတ်ပဲ လူထုကို ခြောက်လှန့်တဲ့ သဘောမျိုး ဖောက်ခွဲခဲ့ပုံ ရတယ်လို့ စိုင်းထွန်းအေးကပြောပါတယ်။

ဒီဖေါက်ခွဲမှုဟာ လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ချက်လို့ လူထုက မယူဆပဲ ရွေးကောက်ပွဲနဲ့ တနည်းတဖုံ ပတ်သက်နေတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေတယ်လို့ သူက ပြောပြပါတယ်။

အဲဒီဒေသမှာ အပစ်ရပ်ရေး စာချုပ် လက်မှတ် မထိုးထားတဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။