အောင်နိုင်ရေး တိုက်ပွဲ- ဗဟန်းမြို့နယ်

_dr_nyo_nyo_thin
Image caption ရွေးကောက်ပွဲကြို ကာလမှာ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက် မှု တွေ ကြုံနေရ။

နိုဝင်ဘာ ရွေးကောက်ပွဲ အချိန် နီးကပ် လာတာနဲ့ အမျှ ကိုယ်စားလှယ်လောင်းတွေ ရဲ့ အပြိုင်အဆိုင် မဲဆွယ်မှု တွေ လည်း အရှိန် မြင့်နေပါတယ်။

ရန်ကုန် မြို့ ပေါ် မှာဆိုရင် အကြိတ်အနယ် အရှိဆုံး မဲဆန္ဒနယ် ထဲမှာ ဗဟန်းမြို့နယ်လည်း ပါဝင်ပါတယ်။

ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက် ရှိတဲ့ ဗဟန်း ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဌာနချုပ် ရုံးစိုက်ရာ မြို့နယ်လည်း ဖြစ်ပါတယ်။

ပြည်သူ့ လွှတ် တော် နေရာ အတွက် ဗဟန်း မြို့နယ် ကနေ ဝင်ပြိုင်ကြမယ့် အထဲမှာ NLD ပါတီ ကိုယ်စားလှယ် ဦးထွန်းမြင့် နဲ့ NLD ပါတီ ကနေ သူတို့ရဲ့ ကိုယ်စားလှယ် အဖြစ် မရွေးချယ် ခဲ့တဲ့ တသီးပုဂ္ဂလ ဒေါက်တာ ညိုညိုသင်း တို့ရဲ့ အပြိုင် မဲဆွယ်မှု တွေ အပေါ် လူတွေ စိတ်ဝင်တစား ရှိနေ ကြတယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကတည်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် နေရာ အတွက် အနိုင်ရရှိ ခဲ့သူ ဒေါက်တာ ညိုညိုသင်းဟာ လွှတ်တော် သက်တမ်း ၅ နှစ် အတွင်းမှာ အစိုးရ ရဲ့ မြို့ပြ စီမံကိန်း တွေ အပေါ် ရဲရဲဝံ့ဝံ့ ထောက်ပြ ဝေဖန် ခဲ့လို့ မီဒီယာ တွေ ပေါ် အတွေ့ များလာရပြီး လူတွေ အကြားမှာလည်း ထင်ရှား လာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အခုလည်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ နိုင်ငံတော် စီမံကိန်းတွေ အပေါ် စမ်းစစ် ရေးနဲ့ ပညာရေး စံနစ် ပြောင်းလဲရေး ကိစ္စတွေ အပေါ် အာရုံစိုက် ဆောင်ရွက်မယ့် အကြောင်း ပြောဆို ရင်း မဲဆွယ် စည်းရုံးနေတယ် လို့ ဒေါက်တာ ညိုညိုသင်းက ဘီဘီစီ ကို ပြောပါတယ်။

အခု ရွေးကောက်ပွဲကြို ကာလမှာ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက် မှု တွေ ကြုံနေရတာ မှာ စာအုပ်ထုတ် ဖြန့်ချီတာမျိုး၊ တအိမ်တက်ဆင်း မကောင်းကြောင်း လိုက် အပြောခံရတာမျိုး၊ ဖေ့စ်ဘွတ်ခ် အွန်လိုင်း ကနေ ပြောဆို ကြတာမျိုး တွေ အပြင် အရပ်ထဲ အသံချဲ့စက် နဲ့တောင် လိုက် အော်ဟစ်တာ မျိုး ရှိတယ် လို့ ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

ဒေါက်တာ ညိုညိုသင်းရဲ့ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့် ကို ကြည့်ပြန်ရင်တော့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရေးမှူး ဖြစ်ပါတယ်။

ဗဟန်း မြို့နယ် က မဲဆန္ဒရှင် တွေ အနေနဲ့ ဒေါက်တာ ညိုညိုသင်း ရဲ့ လုပ်ဆောင်ချက် တွေ အပေါ် ကြိုက်နှစ် သက်ပြီး ထောက်ခံ အားပေးမှု တွေ ရှိနိုင်ကောင်း မှာ မှန်ပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြောင်းလဲဖို့ ဆိုရင် NLD ကို မဲပေးကြဖို့ ပြောဆို စည်းရုံး နေတယ်လို့ ဦးထွန်းမြင့် က ဆိုပါတယ်။

သူတို့ ၂ ဦးနဲ့ ပြိုင်ဘက် အာဏာရ ကြံ့ခိုင်ရေး ပါတီ ရဲ့ ကိုယ်စားလှယ် ဒေါက်တာ ရဲအောင် ကလည်း ဗဟန်း မဲဆန္ဒနယ် ဟာ သူကျွမ်းဝင် တဲ့ နယ်မြေ ဖြစ်ပြီး သူ့ ရဲ့ ဆောင်ရွက် ချက်တွေ ကိုလည်း မဲဆန္ဒရှင် သိရှိ ထားပြီးသား ဖြစ်တယ် လို့ ပြောပါတယ်။

ဗဟန်း မြို့နယ် ကနေ ပြည်ထောင်စု လွှတ်တော် အဆင့် ဝင်ရောက် ယှဉ်ပြိုင်မယ့် သူ တွေ ထဲမှာ အမျိုးသား တိုးတက်ရေး ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) က ကိုယ်စား လှယ်လောင်းတွေ လည်း ရှိနေသလို၊ တိုင်းဒေသကြီး လွှတ်တော် အတွက် ဆိုရင် အခုန က ပါတီ တွေ အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် တို့လည်း ရှိနေပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ ကျရင်တော့ ဗဟန်းက ပြည်သူတွေ ဟာ ဘယ်သူတွေ ကို ရွေးချယ်မှာလည်း ဆိုတာ အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ