SSPP ကို ထိုးစစ်ရပ်ဖို့ အပစ်ရပ် ရှမ်းတပ်ဖွဲ့ တိုက်တွန်း

RCSS/SSA Chairman ဓာတ်ပုံ မူပိုင် AP
Image caption အပစ်ရပ် ဆွေးနွေးပွဲ တစ်ခုမှာ RCSS/ SSA ခေါင်းဆောင် ဆွေးနွေးစဉ်

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်းပြည်နယ် အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/ SSA ကို တပ်မတော်ဘက်က ထိုးစစ်ဆင် နေတာတွေ လျှော့ချဖို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက တိုက်တွန်းလိုက်ပါတယ်။

မကြာသေးခင်က NCA တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးခဲ့တဲ့ RCSS/SSA က နိုင်ငံတော် သမ္မတကို စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်က SSPP/ SSAဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပြီး အစိုးရ တပ်ဘက်က ထိုးစစ်တွေ ဆင်နေတာကြောင့် အရပ်သားတွေ အိုးအိမ်စွန့်ထွက်ပြေး နေကြရတဲ့ အတွက် အခုလို တိုက်တွန်းတာ ဖြစ်တယ်လို့ RCSS/SSA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

တိုက်ပွဲဖြစ်အောင် ဖန်တီးသူတွေက အစိုးရ တပ်ဘက်က ဖြစ်တယ်လို့ အများက နားလည် ထားတဲ့ အတွက် တပ်မတော်ဘက်ကို တိုက်တွန်းရတာလို့လည်း သူက ပြောပါတယ်။

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သင့်တယ်လို့ နိုင်ငံတော် သမ္မတက ပြောထားတဲ့ အတိုင်းတိုက်ပွဲတွေ ဆက်မဖြစ်အောင် အရင် ရထားပြီးသား နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း ပြန်လည် ညှိနှိုင်းကြဖို့လည်း လိုလားတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

လာမယ့် ရက်ပိုင်း အတွင်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ပူးတွဲ ကော်မတီနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ဒီကိစ္စရပ်ကို တင်ပြ ဆွေးနွေးသွားမယ်လို့ သူကပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ