ပြောင်းစရာမလိုဘူးလို့ သမ္မတ ပြောတာ ဘာသဘောလဲ

Burmese President U Thein Sein ဓာတ်ပုံ မူပိုင် AFP Getty
Image caption လက်ရှိ အစိုးရ လက်ထက်မှာ အပြောင်း အလဲတွေ လုပ်ထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီ အပြောင်း အလဲကို သူတို့ အစိုးရက ပြုလုပ်ခဲ့ပြီး ဖြစ်တဲ့ အတွက် နောက်ထပ် ပြောင်းလဲစရာ မရှိတော့ဘူး၊ ထပ်ပြောင်းချင်ရင် ကွန်မြူနစ် စနစ်ပဲ ပြောင်းဖို့ ရှိတော့တယ်လို့ သူ့ မွေးရပ်မြေ ငပုတော မြို့နယ် က ဒေသခံတွေကို အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

တကယ်တန်းတော့ လက်ရှိ အစိုးရ လက်ထက်မှာ လွှတ်တော် ပေါ်လာတာနဲ့ တရား စီရင်ရေး စနစ် ရှိတယ် ဆိုတဲ့ ပုံစံလေး နည်းနည်း ပြောင်းလာတာသာ ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတယ် ဆိုတဲ့ အပြောင်းအလဲက မဖြစ်သေးဘူးလို့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေ အနေကို စောင့်ကြည့်လေ့လာ နေတဲ့ ပြည်သူ့ အရေး ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်းက ပြောပါတယ်။

ပြောင်းလဲချင်သေးရင် ကွန်မြူနစ် စနစ်ကိုပဲ ပြောင်းဖို့ ရှိတယ် လို့ ပြောတာက လူတွေအနေနဲ့ ကွန်မြူနစ် စနစ်ကို မုန်းတီးနေကြတယ်လို့ သမ္မတက ထင်နေပုံရလို့ ခြိမ်းခြောက်တဲ့ သဘော ပြောတာလို့ ဦးမော်လင်းက မြင်ပါတယ်။

ပြောင်းလဲချိန် တန်ပြီ လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲ တိုက်ပွဲကို သွားနေတဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ လူထုက နေရာတိုင်းမှာ အုံးအုံး ကြွက်ကြွက် ထောက်ခံ နေကြတာကို မြင်နေတဲ့ အတွက် အား ပေး နေကြသူတွေကိုရော ရှေ့က နေခေါင်းဆောင်ပြီး သွားနေတဲ့ ပါတီကိုပါ နောက်ထပ် ပြောင်းလဲစရာ မလိုတော့ဘူးလို့ ခပ်ကြမ်းကြမ်း ပြောလိုက်တဲ့ သဘောလို့ ဦးမော်လင်းက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ