နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်း

Image caption နောက်ဆုံး မဲစာရင်း ဆက်လက် မှားယွင်းလျက် ရှိနေပါတယ်။

ရွေးကောက်ပွဲ မဲပေးခွင့် ရှိသူ တွေရဲ့ နောက်ဆုံး အတည်ပြု စာရင်းတွေကို စစ်ရာမှာ အမှား အယွင်းတွေ ဆက်လက် ရှိနေပါတယ်။

ပထမအကြိမ် မဲစာရင်းဟာ အိမ်ထောင်စု ဇယားကို အခြေခံ ထုတ်ပြန်တာဖြစ်ပြီး၊ ဒုတိယ အကြိမ်မှာတော့ အက္ခရာစဉ် အလိုက် ထုတ်ပြန်ခဲ့ပါတယ်။

အခုနောက်ဆုံး မဲစာရင်းမှာတော့ မဲရုံအလိုက် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ပုံစံ အပြောင်းအလဲကြောင့် မဲစာရင်း စစ်ရတာ အခက်အခဲ ရှိသလို မဲစာရင်း အမှားအယွင်း တွေလည်း ရှိနေပါတယ်။

ထုတ်ပြန်လိုက်တဲ့ မဲစာရင်းမှာ အသက်ပြည့်ပေမဲ့ မဲပေးခွင့်စာရင်းမှာ မပါပဲ ကျန်နေခဲ့သူတွေ၊ မဲ ဆန္ဒရှင် တစ်ဦးတည်းက သက်သေခံ မဲလက်မှတ် အပို ရနေတာတွေ ရှိနေပါတယ်။

မဲစာရင်းကို စစ်လို့ ကို မဖြစ်နိုင်လောက်အောင် အခက်အခဲ ဖြစ်နေကြောင်း၊ ပထမစာရင်းနဲ့ ဒုတိယစာရင်း အခုတစ်ခါ နောက်ဆုံး စာရင်းတွေဟာ ပုံစံ မတူတော့တာကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟို အလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဒုတိယအကြိမ် မဲစာရင်းမှာ မပါခဲ့ သူတွေကို ပုံစံ(၃) နဲ့ အတိအကျ ပြန်လည် လျှောက်ထား ဆောင်ရွက် စေခဲ့တာကြောင့် မပါတာ မဖြစ်နိုင်ကြောင်း၊ သာသနာ့ဝန်ထမ်းနဲ့ ထောင်ကျ နေသူများ နောက်ဆုံး မဲစာရင်းမှာ ပါမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။

ကော်မရှင်အနေနဲ့ နောက်ဆုံး အတည်ပြု ထုတ်ပြန်တဲ့ မဲစာရင်း ဖြစ်တာကြောင့် နာမည် စာလုံးပေါင်း အမှားအယွင်း နဲ့ နေရပ်လိပ်စာ အမှားတွေလောက်တော့ ပြန်လည် ပြင်ပေးမဲ့ အကြောင်းနဲ့ ကြိုတင်မဲ ပေးခဲ့ရာမှာ တံဆိပ်တုံး ထုရမဲ့ အစား အမှန်ခြစ် ခဲ့တာတွေ အတွက် ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်မှာ မဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ