ရွေးကောက်ပွဲ စနေပြီ

myanmar ဓာတ်ပုံ မူပိုင် AFP
Image caption မဲပေးပြီး ပြုံးပျော် နေကြသူတွေ

မြန်မာ့ နိုင်ငံရေး အလှည့် အပြောင်း အတွက် သမိုင်းဝင် ရွေးကောက်ပွဲ ကြီး ဆိုပြီး လက်ရှိ အာဏာ ပိုင် တွေ ကရော၊ အတိုက်အခံ တွေ အပြင် နိုင်ငံ တကာကလည်း ရည်ညွှန်း နေကြတဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြီး စတင် နေပြီ ဖြစ်ပါတယ်။

မဲ ပေးကြဖို့ အတွက် လူတွေ ဟာ စိတ် အား ထက် သန်စွာ နဲ့ မနက် အစောကြီး ကတည်း က ထ ပြီး မဲရုံ တွေ ရှေ့ တန်းစီ စောင့် နေကြတယ် ဆိုပြီး ရွေးကောက်ပွဲ သတင်းကို ယူဖို့ မြန်မာ နိုင်ငံ တဝှမ်း က အရေးကြီးတဲ့ မဲဆန္ဒနယ် တွေ မှာ ရောက် နေကြတဲ့ ဘီဘီစီ သတင်းထောက် တွေ က ပြောပါတယ်။

အင်မတန် စိုးရိမ်

ဒီ အချိန်မှာပဲ အခု ရွေးကောက်ပွဲ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ လွတ်လပ်ပြီး တရားမျှတ မှု ရှိရှိ ကျင်းပ ပေးဖို့ရာ စိတ်အား ထက်သန်မှု မရှိ ဖြစ်နေတဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး နိုင်ငံတကာ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ဖြစ်တဲ့ Human Rights Watch HRW က ဝေဖန် လိုက်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေ စည်းမျည်းတွေကို နိုင်ငံရေး ပါတီ တချို့ လူပုဂ္ဂိုလ် တချို့ က ချိုး ဖောက် ခဲ့ တဲ့ ဖြစ်ရပ် တွေ ကို ရွေးကောက်ပွဲ ကော်မရှင် ဆီကို NLD ပါတီ အနေနဲ့ အကြိမ်ကြိမ် တိုင်ကြားမှု တွေ ပြုလုပ် ခဲ့ပေမယ့် ကော်မရှင် ဘက် က အရေးယူ ဆောင်ရွက် မှု တွေ အင်မတန် နည်း ပါးတယ် ဆိုပြီး ဒေါ် အောင်ဆန်း စုကြည် ရဲ့ ပြောစကား ကို HRW က ကိုးကား ထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော် နေ့ စစ်ရေးပြ အခမ်းအနား ကို ထိပ်တန်း စစ်ဗိုလ်ချုပ် ဟောင်း ဖြစ်တဲ့ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင် အေး က စစ်ဝတ်စုံပြည့် ဝတ်ပြီး တက်ခဲ့တဲ့ ဖြစ်ရပ် ကို HRW အဖွဲ့က ထောက်ပြ ခဲ့ ပါတယ်။

ဒါ့အပြင် ဦးတင် အေး ဟာ အာဏာရ ကြံ့ခိုင်ရေး ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် အဖြစ် ကနေ ရွေးကောက်ပွဲ ကော်မရှင် ကို ဦးဆောင် လာရသူ ဖြစ်တာ ကြောင့် ကော်မရှင် ဟာ ဘက်လိုက် မှု တွေ ကျူးလွန် တယ် ဆိုတာ အံ့ဩစရာ မကောင်းဘူး လို့လည်း HRW အဖွဲ့ က ပြင်းပြင်း ထန်ထန် ဝေဖန် ထား ပါတယ်။

လုံခြုံရေး အခြေ အနေ

ရွေးကောက်ပွဲ နေ့ လုံခြုံရေး အခြေ အနေ ကို တော့ လုံခြုံရေး တွေ တိုးပြီး ချ ထားတယ် ၊ ပုံမှန် ကင်းလှည့် တာတွေ လုပ်ဆောင် နေတယ်၊ အခြေ အနေ ဟာ အေးအေး ဆေးဆေး ရှိတယ် ဆိုပြီး ရန်ကုန် တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂို လ် က ဆိုပါတယ်။

ဆန္ဒမဲ လာပေးသူတွေ ကို ရဲ တပ်ဖွဲ့ အနေနဲ့ ထွေထွေ ထူးထူး ရှာဖွေ စစ်ဆေး တာတွေ လုပ်ဆောင် မှာ မဟုတ်ဘဲ မဲရုံမှုး က အကူအညီ တောင်းခံ လာမှ ရဲ က ကူညီ မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ