၈ဝရာခိုင်နှုန်း မဲပေးမယ်လို့ ကော်မရှင်ပြော

မြန်မာတစ်နိုင်ငံလုံးမဲပေးနိုင်သူဦးရေ၃၃သန်းကျော် ရှိတဲ့ အထဲက ၈ဝရာခိုင်နှုန်းလောက် မဲလာပေးလိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင်အရာရှိတစ်ဦးက ပြောကြားပါတယ်။

မနက်ဖန်မှာကျင်းပမဲ့သမိုင်းဝင် ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်း သာလိုပါတော့တယ်။မြန်မာတစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၄သောင်းတစ်ထောင်ကျော် ဖွင့်လှစ်ထားပြီး ရန်ကုန် တိုင်းဒေသ ကြီးမှာ မဲရုံပေါင်းငါးထောင်ကျော်ဖွင့်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်အောင် ကပြောပါတယ်။

မဲရလာဒ်တွေကို ၃ရက်ကနေ တစ်ပါတ်အတွင်းထုတ်ပြန်မှာဖြစ်ပြီး ရန်ကုန်မြို့ရွှေလီလမ်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ မဲရလာဒ်တွေကို နိုဝင်ဘာလ၉ ရက်ကနေ ၁၁ရက်နေ့အထိ LED ဘုတ်နဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမှာဖြစ်ကြောင်းနဲ့ ကြိုတင်မဲ တွေကိုနာမည်နဲ့ တကွ စီစစ်နိုင်ကြောင်း လည်း ကော်မရှင်ကပြောပါတယ်။ တစ်နိုင်ငံလုံး မှာ အမတ်နေရာပေါင်း ၁၀၀၀ ကျော် မှာကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်ယှဉ် ပြိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၉၂ ပါတီက ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။