ပါတီကြီး ၂ ခုစလုံးက အများစုနိုင်ဖို့ မှန်းနေကြ

usdp ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဌ ဦးဌေးဦး

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီအနေနဲ့ ၈၀ ရာခိုင်နှုန်းထိ အနိုင်ရဖို့ မှန်းထားကြောင်း ပူးတွဲဥက္ကဌ ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

‘ကျွန်တော်တို့ တွက်ထားတာတော့ ၈၀%။ သို့သော်လည်းပဲ ကျွန်တော် အဲဒါ လျော့ထားတယ်။ ၆၅ နဲ့ ၈၀ ကြားထဲ ရမယ်။’

ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတွေမှာ အလားအလာကောင်းတယ်လို့ တွက်ချက်ထားကြောင်း ဦးဌေးဦးက ပြောပါတယ်။ နှစ်စပိုင်းမှာ အခြေအနေမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ လူထုနဲ့ ထိတွေ့မှု များလာတဲ့အချိန်မှာ အခြေအနေပိုကောင်းလာတယ်လို့ ကြံ့ခိုင်ရေးရဲ့ လူထုစစ်တမ်းအရ သိရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြေငြာကောင်းတဲ့အတွက် ပြိုင်ဘက် ပါတီဘက် ပါသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

‘တစ်ခုတော့ ရှိတာပေါ့။ ကြော်ငြာကောင်းရင်လည်း ပါတတ်တယ်။ ကျွန်တော် ပြောလေ့ပြောထရှိတယ်။ ဆေးရောင်းတယ်။ ထက်ထက်မိုးဦး ကြော်ငြာတယ်။ ကြော်ငြာတာ ပြီးသွားတယ်။ ဆေး ဘာမှန်း မသိလိုက်ဘူး။ ထက်ထက်မိုးဦးကြည့်ပြီးတော့မှ ဒီဆေး ဝယ်ဖြစ်သွားတာပေါ့။’

ဘာပဲ ဖြစ်ဖြစ် လူထုအဆုံးအဖြတ်ကို လက်ခံမယ်လို့ ဦးဌေးဦးက ဟင်္သာတမှာ မဲပေးရင် ဘီဘီစီကို ပြောသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption NLD ပြောခွင့်ရ ဦးဝင်းထိန်

တစ်ဘက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နေရာအများစုမှာ အနိုင်ရနိုင်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် NLD ဟာ အနည်းဆုံး ၆၇ ရာခိုင်နှုန်း နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နယ်တွေဘက်က၊ ရွာတွေဘက်ကနေ ဆက်သွယ်ပြောလာတဲ့ သတင်းစကားတွေအရ ၈၀ ရာခိုင်နှုန်းလောက် နိုင်နေတယ်လို့ သိရကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

အဲဒီလို နိုင်နေတယ်လို့ ပြောတဲ့အထဲမှာ လားရှိုး၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း မြို့နယ်တွေ ပါဝင်တယ်လို့ မဲပေးတဲ့နေ့ ညဦးပိုင်းမှာ သူက ပြောပါတယ်။ တချို့နေရာတွေမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း လက်ခံရရှိထားကြောင်း သူက ပြောပါတယ်။