အနိုင်ရဖို့အတွက် NLDက ယုံကြည်ချက် အပြည့်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်း နိုင်နိုင်တယ်လို့ NLD ပြော

နိုဝင်ဘာလ ၈ ရက် နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလဒ်တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ဒီကနေ့ နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ စတင် ကြေညာခဲ့ရာမှာ အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD က အပြတ်အသတ် အနိုင်ရနေပါတယ်။

လောလောဆယ်မှာတော့ ညနေ ၆ နာရီအထိ ရန်ကုန်တိုင်းက အနိုင်ရ ကိုယ်စားလှယ် စုစုပေါင်း ၃၆ ယောက်ရဲ့ စာရင်းတွေကိုပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားပါ သေးတယ်။

ပြည်သူ့လွှတ်တော် နေရာအတွက် ရန်ကုန်တိုင်း ၁၂ မြို့နယ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အားလုံး အနိုင်ရပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၂၄ နေရာမှာတော့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက တစ်နေရာ အနိုင်ရတယ်လို့ UEC က ကြေညာပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ မဲရေတွက်တာကို စောင့်ကြည့်သူတွေဆီက လောလောဆယ် သိရတဲ့ မဲရလဒ်တွေ အရ NLD က နေရာ အများအပြားမှာ အနိုင်ရနေတာကို ပြသနေပါတယ်။

NLD ကတော့ သူတို့ အနေနဲ့ တိုင်းဒေသကြီး ၇ တိုင်းစလုံးမှာ ၉၀ ရာခိုင်နှုန်း အနိုင်ရထားပြီး ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေကို ရှုံးတာကြောင့် ၇၀ ရာခိုင်နှုန်း အနိုင်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်း နိုင်တယ်လို့ ပြောပါတယ်။

ဒီကနေ့ စောစောပိုင်းက NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပါတီရုံးချုပ် ရှေ့မှာ လာရောက် စုရုံးနေကြတဲ့ ထောက်ခံသူ ပြည်သူတွေကို စကားပြောခဲ့ရာမှာ မဲရလဒ်တွေကို တရားဝင် မကြေညာသေးပေမယ့် ဘယ်လို ရလဒ် အဖြေ ထွက်လာမယ် ဆိုတာတော့ လူတိုင်း မှန်းဆနိုင်မယ် ထင်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ