ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရုံးက ဂုဏ်ပြု

Image caption ပြည်သူတွေ နိုင်ငံရေး နိုးကြားမှု အများကြီး ပိုရှိလာပြီလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဒေါ်စု ပြောခဲ့။

ရွေးကောက်ပွဲ မဲရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော် နေရာ အများစုနဲ့ ဦးဆောင်နေတဲ့ အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ချီးကျူး ဂုဏ်ပြုကြောင်း နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မှာ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ပြီး ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြား ခဲ့ပါတယ်။

သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဖော်ပြ ထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ်တွေအရ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းအထိ လွှတ်တော် ၃ ရပ်ပေါင်း အတွက် အမတ်နေရာ ၄၀ ရာခိုင်နှုန်းလောက် ကြေညာပြီးတဲ့ အထဲမှာ အန်အယ်ဒီက ၉၀ ရာခိုင်နှုန်းလောက် အနိုင်ရနေပါတယ်။ ပြည်သူ့လွှတ်တော် အတွက် အန်အယ်ဒီက ၁၇၉ နေရာ အနိုင်ရထားပြီး ပြည်ခိုင်ဖြိုး ပါတီကတော့ ၁၇ နေရာ နိုင်ထားပါတယ်။

အစောပိုင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကနေ ထုတ်ဖော်လိုက်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယကတို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ ပေးပို့ တောင်းဆို ခဲ့ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းကလို ရလဒ်ကို အသိအမှတ် မပြုဘဲ လျစ်လျူရှုတာမျိုး မဖြစ်အောင်လို့ အခုလို ဆွေးနွေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့် တောင်းဆိုထားတဲ့အတိုင်း သမ္မတက တွေ့ဖို့ ရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တွေ အပြည့်အစုံ တရားဝင် ကြေညာပြီးတဲ့နောက်မှာ တွေ့ကြဖို့ ရှိကြောင်း သမ္မတ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကို နှောင့်နှေးအောင် တမင်တကာ လုပ်ဆောင်တာမျိုး မရှိဘူး လို့လည်း သမ္မတ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ထုတ်ပြန် ခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီး ဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမယ်"လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ