ရှမ်းပြည်မှာ အဓမ္မ ကျူးလွန်မှု ပိုများလာ

Shan State ဓာတ်ပုံ မူပိုင် shrf
Image caption ရှမ်းပြည်နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် လူတွေ အိုးအိမ်စွန့် ထွက်ပြေးနေရ

ကုလ သမဂ္ဂက သတ်မှတ်ထားတဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အမျိုးသမီးတွေအပေါ် အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပိုဆိုး လာတယ်လို့ ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးပြီ ဆိုတဲ့ အချိန်မှာပဲ အမျိုးသမီးတွေ အပေါ်ကျူးလွန်မှုတွေက ပြီးခဲ့တဲ့ နှစ်ကထက် သိသိသာသာ ပိုဆိုး လာတယ်လို့ ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ စိုင်းခွန်းမိုင်က ပြောပါတယ်။

SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းကို အစိုးရ တပ်တွေ ထိုးစစ်ဆင်နေချိန်မှာ ရှမ်းပြည်နယ် အတွင်း စစ်အင်အားတွေ တိုးချဲ့ လာနေတဲ့ အတွက် စစ်သားတွေ ရှမ်းပြည်နယ်ကို အများအပြား ရောက်လာပြီး အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ဖြစ်နေတယ် လို့လည်း သူက ပြောပါတယ်။

၂၀၁၅ ခုနှစ် ဧပြီလ နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၈ ခုကို မှတ်တမ်းတင်ပြီး ကျုးလွန်ခံရတဲ့ အမျိုးသမီးတွေ၊ ကျူးလွန်သူတွေ အပါအဝင် ဖြစ်ရပ် တစ်ခုစီအတွက် အသေးစိတ် အချက်အလက်တွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ အနေနဲ့ သူတို့ မတရားပြုကျင့် ခံကြရတာတွေကို တရားဥပဒေအရ ဖြေရှင်းနိုင်အောင် တိုင်ကြားဖို့ရာ သူတို့ကို ပြန်လည် သက်ရောက်လာမယ့် ဆိုးကျိုးတွေ အန္တရာယ် တွေကို ကြောက်ရွံ့တာက တစ်ကြောင်း အသက် အန္တရာယ်ကို စိုးရိမ်တာက တစ်ကြောင်းကြောင့် မတိုင်ရဲကြတာ များတယ်လို့ စိုင်းခွန်းမိုင်က ပြောပါတယ်။

တိုင်တန်းမှု တချို့ ရှိခဲ့ပေမဲ့ အဲဒါတွေကို အပြစ်ပေးတဲ့ အခါ ကျူးလွန်သူကို လူရှေ့မှာ ပါးရိုက်ပြတာလောက်ပဲ အပြစ်ပေးတာမျိုးနဲ့ တပ်ရွှေ့ပြောင်းတာမျိုးလောက်ကိုသာ လုပ်တဲ့ အတွက် တကယ်တန်း ဘယ်လို အပြစ်မျိုး ပေးတယ် ဆိုတာ မသိရတော့ဘူးလို့ သူက ပြောပါတယ်။

တချို့ အမျိုးသမီးတွေက အရှက်တကွဲ မဖြစ်အောင် ရေငုံ နှုတ်ပိတ်နေကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ကျူးလွန်သူတွေကို ချက်ချင်း တားဆီးဖို့ မလွယ်ကူပေမဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လက်မှတ်ရေးထိုး ထားတဲ့ မြန်မာနိုင်ငံမှာ ဒီဖြစ်ရပ်တွေ မဖြစ်ရအောင် နိုင်ငံတကာ အနေနဲ့ စောင့်ကြည့်ပြီး မြန်မာအစိုးရကို ပြစ်တင် ပြောဆိုသင့်တယ်၊ ကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူသင့်တယ် လို့လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် က တောင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ