ဖက်စပ် ကုမ္ပဏီတွေကို စိုက်ပျိုးရေးနဲ့ ကျန်းမာရေး ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြု

Image caption စိုက်ပျိုးရေးနဲ့ ကျန်းမာရေး ဘက်တွေမှာ လိုအပ်ချက်တွေ ရှိနေတဲ့ အတွက် အခုလို တင်သွင်းခွင့် ပြုတာဖြစ်

စိုက်ပျိုးရေး အတွက် မျိုးစေ့၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး နဲ့ ဆေးရုံသုံး ကိရိယာ တွေကို မြန်မာ နိုင်ငံသား ပိုင် ကုမ္ပဏီများ ကိုသာ တင်သွင်း ခွင့်ပြုပေးခဲ့ရာကနေ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြီး နိုင်ငံခြားသား တွေနဲ့ ပူးပေါင်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို လည်း အဆိုပါ ကုန်ပစ္စည်းတွေကို တင်သွင်းဖို့ ခွင့်ပြုလိုက်ပါတယ်။

အဓိက အရေးကြီးတဲ့ စိုက်ပျိုးရေးနဲ့ ကျန်းမာရေး ဘက်တွေမှာ လိုအပ်ချက်တွေ ရှိနေတဲ့ အတွက် အခုလို တင်သွင်းခွင့် ပြုရတာ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

သုံးစွဲသူ လယ်သမားတွေ အတွက် ရွေးချယ်စရာ ပိုမိုများပြားလာတဲ့ အတွက် ဈေးသက်သာစွာနဲ့ သုံးစွဲ လာနိုင်မှာ တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းက ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်း က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက လယ်သမား အများစုဟာ မျိုးစေ့၊ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေး တွေရဲ့ ဈေးနှုန်းကြီးမြင့်မှု အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ ကြာပြီ ဖြစ်တဲ့ အတွက် လယ်သမား တွေ အပေါ်မှာ အကျိုးများ နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ထွက်ပေါ် နေပါတယ်။

ပြည်တွင်း ဈေးကွက် လိုအပ်ချက် အရ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကို ကုန်ပစ္စည်း အမျိုးအစားသစ်တွေ ထပ်တိုး ကုန်သွယ်ခွင့် ကို ဆက်လက် ပေးသွားဖို့ ရှိကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန် ထားပါတယ်။