တိုကျိုက ဂျပန် မြန်မာ ပွဲကို ဦးဉာဏ်ဝင်း တက်ရောက်

Image caption ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ကြပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ က ဂျပန် နိုင်ငံ တိုကျိုမြို့မှာ တိုကျို မြန်မာ ပွဲတော်ကို ကျင်းပ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းလည်း တက်ရောက်ခဲ့ပါတယ်။

တိုကျို မြန်မာပွဲတော် ကို မြန်မာ နိုင်ငံက စီးပွားရေး လုပ်ငန်းများ က မြန်မာ့ ရိုးရာ အစားအသောက် တွေနဲ့ အထည်အလိပ် ပစ္စည်းတွေကို ပြသခဲ့ကြပြီး ဂျပန် နိုင်ငံဘက်က ဟိုတယ် လုပ်ငန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်း ပစ္စည်းများကို ပြသခဲ့ပါတယ်။

ဦးဉာဏ်ဝင်းဟာ ဂျပန် နိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက် နဲ့ ရောက်ရှိနေတာ ဖြစ်ပြီး တိုကျို မြန်မာ ပွဲတော်မှာ အမှာစကား ပြောကြားခဲ့ပါတယ်။

ဂျပန် မြန်မာ ပွဲတော်မှာ ဦးဉာဏ်ဝင်း က ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့ပြီး ဖြစ်ပေမဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးနဲ့ ပါတ်သက်ပြီး လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာပြည်ကို အကူအညီ ပေးခဲ့မှု အပေါ်မှာ ကျေးဇူးတင်ကြောင်း နဲ့ ဆက်လက် ကူညီဖို့ ကိုလည်း မေတ္တာရပ်ခံတဲ့ အကြောင်းတွေ ပြောကြားခဲ့တယ်လို့ NLD လွတ်မြောက် နယ်မြေ ဂျပန် အဖွဲ့ရဲ့ ဥက္ကဌ ဦးသောင်းမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ