အပစ်ရပ်စာချုပ် ကိစ္စ လွှတ်တော်မှာ ဆွေးနွေး

Myanmar Parliament ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ တွေကို ပြင်ဆင် ဖြည့်စွက်ပေးဖို့ ဆွေးနွေးခဲ့ကြ

အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ် ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ ပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပြင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် ၁၀ ယောက် ဆွေးနွေးခဲ့ကြ ပါတယ်။

စာချုပ်မှာပါတဲ့ နိုင်ငံရေး ဆွေးနွေးမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြင်ဆင်ဖြည့်စွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီ ဒေါက်တာ ဇော်မြင့်မောင်က အသွင်ကူးပြောင်းရေး တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ ကြိုးပမ်း နေတဲ့ အချိန်မှာ အချိန်ဇယားကို ဘောင်ခတ်ပြီး နိုင်ငံ ရေးဆွေးနွေးပွဲတွေ လုပ်ဖို့ မသင့်ကြောင်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ကချင် တိုင်းရင်းသား တွေနဲ့ မွန်တိုင်းရင်းသားတွေ ကလည်း တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အားလုံးလက်မှတ်ထိုးပြီမှသာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ တွေကိုအဓိက အကောင်အထည်ဖော်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC မှာ ပါဝင်ဖို့ အတွက် နိုင်ငံရေး ပါတီ ၉၀ ကျော်က ကိုယ်စားလှယ် ၁၆ ယောက်ကို ရွေးချယ်ထား တာဟာ လူများပြီး ပွဲမစည်ဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ထောက်ပြ ဝေဖန်လိုက်ပြီး ရွေးကောက်ခံ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေကိုသာ ပါဝင်စေဖို့ အကြံပြုခဲ့ ပါတယ်။

ဒါ့အပြင် ကိုယ်ကျိုးစီးပွားတွေ စွန့်နိုင်မှသာ ငြိမ်းချမ်းရေး ရရှိနိုင်မယ်ဆိုတဲ့ အကြောင်းလဲ သူက ထည့်သွင်းဆွေးနွေးသွား ပါတယ်။

ဒီဇင်ဘာလ ၇ ရက်က ဆွေးနွေးတဲ့ NCA နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြည်ဖို့ အစီအစဉ် ပါပေမဲ့ အတည်မပြုဘဲ လွှတ်တော်ကို ရပ်နားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ