မြန်မာနိုင်ငံမှာ စတော့ အိတ်ချိန်း စတင်

ဓာတ်ပုံ မူပိုင် AP
Image caption ရှယ်ယာ ရောင်း ချခွင့်ကို ကုမ္ပဏီ (၆) ခုက ပြုလုပ်မှာ ဖြစ်ပြီး ရှယ်ယာ ဝယ်ယူ ခွင့်ကိုတော့ နိုင်ငံသားတွေ ကပဲ ရရှိမယ်

မြန်မာ နိုင်ငံမှာ ပထမဆုံး စတော့ အိတ်ချိန်း ဖြစ်တဲ့ ရန်ကုန် စတော့ အိတ်ချိန်းကို ဆူးလေ ဘုရားလမ်းနဲ့ ကုန်သည် လမ်းထောင့်ရှိ အရင် မြဝတီ ဘဏ်ရုံးချုပ် ဟောင်း နေရာမှာ ဗုဒ္ဓဟူးနေ့ မနက်က ဖွင့်လှစ် လိုက်ပါတယ်။

ဒီပွဲနဲ့ အတူ အစု ရှယ်ယာ ရောင်းချခွင့် ရမယ့် အများပိုင် ကုမ္ပဏီ (၆)ခုစာရင်း ကို ထုတ်ပြန် ခဲ့ပြီး အစုရှယ်ယာ တွေကိုတော့ ရှေ့ နှစ်ဆန်း မှာ စတင် ရောင်းချ မှာပါ။

ကုမ္ပဏီ တွေကတော့ First Myanmar Investment Company Limited, First Private Bank Limited, Great Hor Kam Public Company, Myanmar AgriBusiness Public Coorperation, Myanmar Citizen Bank, Thilawa SEZ တို့ ဖြစ်ကြ ပါတယ်။

အစု ရှယ်ယာ ရောင်း ချခွင့်ကို ဒီ ကုမ္ပဏီ (၆) ခုက ပြုလုပ်မှာ ဖြစ်ပြီး ရှယ်ယာ ဝယ်ယူ ခွင့်ကိုတော့ နိုင်ငံသားတွေ ကပဲ ရရှိမှာ ဖြစ်ပါ တယ်။

နိုင်ငံခြားသားတွေ အတွက်တော့ ရှယ်ယာ ဝယ်ခွင့်ကို စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ် ပြီးမှဘဲ ခွင့်ပြု ပေးမယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ပြောပါ တယ်။

ရှယ်ယာတွေကို နိုင်ငံသားတိုင်း ဝယ်ခွင့် ရှိတယ် ဆိုပေမယ့် ဒီလို ဝယ်ယူ တာဟာ ဘယ်လောက် အကျိုး ရှိမယ် ဘယ်လို ဝယ်ယူမယ် ဆိုတာကို လူတွေ ကောင်ကောင်း နားလည် ဖို့တော့ လိုနေ ပါသေးတယ်။

ရန်ကုန် စတော့ အိတ်ချိန်း မှာ မြန်မာ့ စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့ အိပ်ချိန်း က ၁၈.၇၅ ရာခိုင်နှုန်းနဲ့ ဂျပန် ဒိုင်ဝါ သုတေသနက ၃၀.၂၅ ရာခိုင်နှုန်း ရင်းနှီး မြုပ်နှံ ထားတာ ဖြစ်ပါတယ်။

ဖွင့်ပွဲကို ဒုသမ္မတ ဦးဉာဏ်ထွန်း၊ ဘဏ္ဍာရေး ဝန်ကြီး ဒုဝန်ကြီးတွေ နဲ့ ဂျပန် သံအမတ်၊ တိုကျို စတော့ အိတ်ချိန်း၊ ဂျပန် ဒိုင်ဝါက တာဝန် ရှိတဲ့ သူတွေ တက်ရောက်ခဲ့ကြပါတယ်။