မြေယာ ပိုင်ဆိုင်မှု ကိစ္စ မသမာမှုတွေရှိ

hluttaw
Image caption မြေမှု အစီရင်ခံစာ လွှတ်တော် မှာ ဆွေးနွေး

ရန်ကုန် နဲ့ မန္တလေးက မြေယာမှုတွေ မှာ အာဏာပိုင်နဲ့ ပွဲစားတွေ ပေါင်းပြီး မသမာမှုတွေ လုပ်ခဲ့တဲ့ အထောက် အထားတွေ တွေ့ရတယ် လို့ ပြည်သူ့ လွှတ်တော် တရား စီရင်ရေး ဥပဒေရေးရာ နှင့် တိုင်ကြားစာများ၊ အသနားခံစာ များ စိစစ် ဆောင်ရွက်ရေး ကော်မီတီ ရဲ့ အစီရင်ခံစာ မှာ ဖော်ပြ ပါတယ်။

အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက တနင်္လာနေ့က ပြည်သူ့ လွှတ်တော် မှာ ဆွေးနွေးခဲ့ပါတယ်။

အစီရင်ခံစာရဲ့ တွေ့ရှိချက် အရ မြေယာ အမှုတွေကို ကိုင်တွယ် ရာမှာ အဓိက တာဝန်ရှိတဲ့ တရားရုံးနဲ့ ဥပဒေ ရုံး ဝန်ထမ်းတွေ က အစ အထွေထွေ အုပ်ချုပ်ရေး၊ စည်ပင် ဝန်ထမ်းတွေ အလယ်၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး က ဝန်ထမ်းတွေ အဆုံး မသမာမှုတွေ မှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ပတ်သက် နေတယ် လို့ ဆိုထားပါတယ်။

အဲဒီအစိုးရ ဝန်ထမ်း တွေဟာ မြေယာပွဲစား၊ အမှု ပွဲစားတွေနဲ့ ပူးပေါင်းပြီး အမှုနိုင်အောင် လုပ်တယ်၊ ပြီးရင် အကျိုးအမြတ်ကို ခွဲယူ နေတယ် လို့ ဆိုပါတယ်။

ဒီအမှုတွေကို ၁ဝ နှစ် ၁၅ နှစ် ကြာအောင် အချိန်ဆွဲ စစ်ဆေးနေပြီး တချို့ အမှုတွေ မှာ ကြေးစား လူမိုက်တွေ ငှားရမ်းပြီး မြေယာ အဆောက်အဦ တွေကို အင်အားနဲ့ပြောင်ပြောင် တင်းတင်း သိမ်းပိုက်တဲ့ အထိ ဆောင်ရွက် နေတယ် လို့ ကော်မီတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို က ပြည်သူ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီမသမာမှုတွေ ပပျောက်ဖို့ ကော်မတီ က ကြိုးပမ်းခဲ့ပေမယ့် တရားရေး မဏ္ဍိုင်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု နဲ့ အုပ်ချုပ်ရေးပိုင်း က ဥပဒေများ သက်ရောက်စေအောင် စီမံခန့်ခွဲမှုများ အားနည်းခဲ့ခြင်း ကြောင့် မအောင်မြင်ခဲ့ဘူး လို့ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ် ။

အခုလို မတရားမှု တွေနဲ့ပတ်သက်ပြီး ကော်မတီရဲ့ တွေ့ရှိချက် အသေးစိတ် တွေကို ဒုတိယ အကြိမ် လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းသွားမယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ