ပြည်တွင်းပြည်ပ ရွှေ့ပြောင်းလုပ်သား များပြား

Burma workers
Image caption အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ မြန်မာပြည်မှာ မကြာခဏရှိနေ

ပြည်တွင်း ပြည်ပမှာနေရာ ပြောင်းရွှေ့ အလုပ်လုပ်ကြတဲ့ မြန်မာ အလုပ်သမား အများအပြား ရှိပါတယ်။

အလုပ်အကိုင်ရှားပါးတဲ့ ဒါမှမဟုတ် ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ မရနိုင်တဲ့ မြန်မာ နိုင်ငံ နေရာ အနှံ့ပြား ပြည်နယ်နဲ့ တိုင်းတွေကနေ ရန်ကုန်ကို လာရောက်ပြီး အလုပ်လုပ်ကြသူ လူငယ်တွေ အများအပြား ရှိတယ်လို့ ရွှေ့ပြောင်း လုပ်သားတွေက ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ကျေးရွာ တစ်ရွာကနေ ရန်ကုန်ကိုလာပြီး ရွှေပြည်သာ အထည်ချုပ် စက်ရုံမှာ စက်ပြင်ဆရာ လုပ်နေတဲ့ ကိုကျော်သူအေး ဆိုသူက သူ့အနေနဲ့ ကိုယ့်အရပ်ဒေသမှာ အဆင်မပြေလို့ တနယ်တကျေးမှာ လာ အလုပ် လုပ်နေရပေမဲ့ ကိုယ့်ရွာကိုပဲ ပြန်ချင်နေတယ်လို့ ပြောပါတယ်။

ရွာက မိဘတွေ အတွက် တစ်လ တစ်သိန်း ထောက်ပံ့ပြီး ကျန်တဲ့ ငွေက အနေ အစားအတွက် လောက်ရုံလေးပဲလို့ သူက ပြောပါတယ်။ ညနေ ၇ နာရီခွဲလောက်အထိ အလုပ်ဆင်းရတာက အခက်အခဲ တစ်ခုလို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာအလုပ်သမားတွေကတော့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သူတို့ အခွင့်အရေး အပြည့်အဝ ရဖို့ တောင်းဆို ခဲ့ကြတယ်။

ဘန်ကောက်က မြန်မာသံရုံးရှေ့ နဲ့ မဟာချိုင် ဒေသမှာ တောင်းဆို ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ကလည်း ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမားတွေ အတွက် နှစ်နိုင်ငံ ပူးပေါင်းပြီး ထိရောက်တဲ့ အကာအကွယ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက်ရှိ ပြီး ခေါင်းပုံ ဖြတ်မှု အမျိုးမျိုးခံနေကြရတဲ့ အပြင် အလုပ်သမားအခွင့်အရေး တွေလည်း အပြည့်အဝ မရဘူးလို့ ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေး ကွန်ရက်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ