သေဒဏ်ချမှတ်ခံရတဲ့ မြန်မာ ၂ ဦး အတွက် အယူခံတက်မည်

ဓာတ်ပုံ မူပိုင် EPA
Image caption နှစ်ဦးစလုံးအား ကော်စမွီထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

ကော်တောင်ကျွန်းက ဗြိတိသျှလူမျိုးနှစ်ဦးကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့အမှုကို ထိုင်းတရားရုံးက ကြာသပတေးနေ့ က စီရင်ချက် ချမှတ် ခဲ့ရာမှာ နှစ်ဦးစလုံး ကို သေဒဏ်ချမှတ်လိုက်ပါတယ်။

မြန်မာနှစ်ဦးကို ကော်စမွီတရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးတွေမှာ အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေဖြစ်သူ နခွန်ချုမ်းဖူး ချတ်က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ မစ္စတာ ဒေးဗစ် မေလာ နဲ့ မစ္စ ဟန်နာ ဝတ်သရစ် တို့ဟာ ထိုင်းနိုင်ငံ ကော်တောင်ကျွန်းမှာ အသတ်ခံခဲ့ရပြီး မြန်မာလုပ်သား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကို ဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု တွေနဲ့ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားတာ ဖြစ်ပါတယ်။

တရားရုံးကြားနာမှုကို သေဆုံးသူ မစ္စတာ မေလာ ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး မစ္စတာ မေလာ ရဲ့ညီအကိုတော်စပ်သူ မိုက်ကယ် မေလာ က တရားရုံးရဲ့ တရားစီရင်ချက်ဟာ တရားမျှတမှုရှိပြီး တိုင်းရဲတပ်ဖွဲ့အနေနဲ့ စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မစ္စ ဝတ်သရစ် ရဲ့ မိသားစုဝင်တွေ မတက်ရောက်ခဲ့ပေမယ့် တရားရုံးတော်မှာ အဖြေမှန်ထွက်နိုင်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောကြား ခဲ့ကြပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ မြန်မာလုပ်သား နှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် ကာလမှာရော၊ တရားရင်ဆိုင်စဉ် ကာလမှာရော ထိုင်းနိုင်ငံ ဥပဒေအရ ရသင့်တဲ့အခွင့်အရေးတွေ ရရှိအောင်၊ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် မြန်မာသံရုံး နဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အခုလို တရားရုံးက အပြစ်ရှိကြောင်း ပြစ်ဒဏ်ချမှတ်ခဲ့မှု နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးအနေနဲ့ ထိုင်းနိုင်ငံဥပဒေနဲ့အညီ အယူခံခွင့် အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ကူညီပံ့ပိုး ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်း လူအဖွဲ့အစည်း အဖွဲ့ က အခုသေဒဏ် စီရင်ချက် ကို ကန့်ကွက်လိုက်ပြီး အမှုကို ပြန်လည်စစ်ဆေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ