ရပ်ကျေးရွေးကောက်ပွဲ ဥပဒေနဲ့မညီ

local admin law
Image caption ၂၀၁၂ မှာ ပြဋ္ဌာန်းတဲ့ ရပ်၊ ကျေး အုပ်ချုပ်ရေး ဥပဒေ

မြန်မာနိုင်ငံ တဝန်းမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရွေးကောက် ပွဲတွေ စတင် ကျင်းပဖို့ ပြင်ဆင် နေပါပြီ။

ရွေးကောက်ပွဲ အကြို လိုအပ်တဲ့ ကြီးကြပ်ရေး အဖွဲ့တွေကို မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးတွေက စတင် ဖွဲ့စည်းပေးနေပါပြီ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဦးသိန်းစိန်ရဲ့ အရင်အစိုးရဟာ သူတို့ အာဏာ မလွှဲပြောင်းခင်မှာ အခုလို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပြောင်းလဲ ခန့်ထားဖို့ ကြိုးစား လုပ်ဆောင်နေတာဟာ သဘာဝမကျတဲ့ လုပ်ရပ် ဖြစ်လို့ ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ပြုလုပ်ကျင်းပတာဖြစ်ပါတယ်။

ဒါပေမယ့် ဥပဒေ ပုဒ်မ အပိုဒ် ၉ မှာ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းဟာ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့ အညီဖြစ်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်း ဖော်ပြထား ပါတယ်။

ဒါ့ကြောင့် အခုလို လွှတ်တော် သက်တမ်း မကုန်ခင်မှာ အသစ် ပြောင်းလဲခန့်ထားတာဟာ ဥပဒေကို ချိုးဖောက်ဆန့်ကျင်တာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကတော့ အခုလို ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်ကြောင့် ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေကို အုပ်ချုပ်ရေးမှူး ခန့်ထားချင်လို့ လုပ်သလားဆိုတာ သံသယဝင်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထောက်ထားပြီး အခုကိစ္စ အပေါ်မှာ ကန့်ကွက်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ရာမှာ ဆယ်အိမ်မှူးတွေထဲကနေ လျှို့ဝှက်မဲပေး ရွေးချယ်ရတာဖြစ်လို့ ဒီမိုကရေစီနည်းကျလို့ ယူဆဖွယ်ရှိပေမယ့် အရွေးချယ်ခံရသူတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းအမျိုးမျိုး ပြပြီး ပယ်ချလို့ ရနေတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ အဲသလိုလုပ်ခဲ့တဲ့ အစဉ်အလာလည်း ရှိတယ်လို့ ထောက်ပြပါတယ်။

ဒါ့ကြောင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဒီမိုကရေစီဟာ ဟန်ပြလောက်သာရှိပြီး၊ ဗဟိုချုပ်ကိုင်မှုကသာ အနှစ်သာရဖြစ်တယ်လို့ ဆိုပါတယ်။