ဝ အဖွဲ့ ငြိမ်းချမ်းရေး ညီလာခံ မတက်

UPDJC Meeting ဓာတ်ပုံ မူပိုင် MPC Photo
Image caption အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေကို ဖိတ်ဖို့ UPDJC သဘောတူ

လာမယ့် ၁၂ ရက်နေ့မှာ စတင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်မှာ မဟုတ်ဘူးလို့ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ UWSA က ပြောပါတယ်။

အကြောင်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူ စာချုပ်ကို လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ နဲ့ ပဲ ချုပ် ဆိုထားတာ ဖြစ်တဲ့ အပြင် စာချုပ် လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ လည်း တိုင်းရင်းသား နယ်မြေ တွေမှာ တိုက်ပွဲတွေ ပိုမို ဖြစ်ပွား နေတာကြောင့် ဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့် ရှိသူ ဦးကျောက်ကော်အန်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရသစ် ပေါ်ပေါက်လာတဲ့ အချိန်ရောက်မှ UWSA က ပြန်လည် ဆက်ဆံမယ် လို့လည်း သူကဆိုပါ တယ်။

လာမယ့် ငြိမ်းချမ်းရေး ညီလာခံကို ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကယန်း၊ မိုင်းလား နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း စတဲ့ အဖွဲ့တွေ တက်ရောက်မှာ မဟုတ်ဘူးလို့ ကြားသိ ထားရ ကြောင်းလည်း UWSA က ပြောပါတယ်။

ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကတော့ တစ်ဖွဲ့တည်း အနေနဲ့ မဟုတ်ဘဲ အခု လောလောဆယ် ကျင်းပနေတဲ့ UNFC တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ဆုံးဖြတ်ချက် သဘောထား အတိုင်းပဲဖြစ်မယ်လို့ ကေအိုင်အို Technical Advisory Team ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

မူလကတည်းက NCA လက်မှတ်ထိုးရာမှာ အားလုံး ပါဝင်ရေးမူကို တောင်းဆိုခဲ့တာ ဖြစ်ပြီး နိုင်ငံရေး မူဘောင်ရေးဆွဲတဲ့ အချိန်မှာ ပါဝင်ခွင့် ရနိုင်ဖို့ မျှော်လင့် ထားခဲ့တယ်လို့ သူက ဆိုပါတယ်။

NLD အစိုးရ တက်လာရင်တော့ ပိုပြီး ဆွေးနွေးမှုတွေ အားကောင်းလာပြီး တန်းတူ ညီမျှရေးဖက်ကို ဦးစားပေးလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဒေါင်ခါးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ