ပက်ထရစ် ကွမ်ဂျာလီကို ထောင် ၆ လ ချ

Kum Jaa Lee ဓာတ်ပုံ မူပိုင် Patrick Kum Jaa Lee Facebook
Image caption ကွမ်ဂျာလီ ထောင် ၆ လ ကျ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ သရော်ခဲ့တယ်လို့ စွပ်စွဲပြီး ပတ်ထရစ် ကွမ်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၆)လ ချမှတ်လိုက်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူရဲ့ ခင်ပွန်းဖြစ်တဲ့ ပတ်ထရစ် ကွမ်ဂျာလီဟာ သူ့ရဲဖေ့စ်ဘွတ်ပေါ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓာတ်ပုံပေါ်မှာ ခြေထောက်နဲ့ နင်းထားတဲ့ပုံ ကို ဝေမျှခဲ့လို့ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သူ့ရဲ့ နေအိမ်ကနေ ရဲတွေက ဖမ်းဆီးခဲ့တာပါ။

(၃)လကျော်ကြာ တရားရုံးကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သူ့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အမှုမှာ ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအယ်လ်ခွန်ရိန်သန်ကတော့ သက်သေမခိုင်လုံဘဲ အပြစ်ပေးခံရတာလို့ ဆိုပါတယ်။

ပြစ်ဒဏ်အရ ဆိုရင်တော့ သူ့ကို ချုပ်ရက်ခံစားခွင့်ပေးတဲ့အတွက် နောက်ထပ် (၂)လကျော်လောက်ဘဲ ထောင်ထဲမှာ နေရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မြို့နယ်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ကိုတော့ ခရိုင်တရားရုံးမှာ အယူခံဝင်သွားမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးအယ်လ်ခွန်ရိန်သန်က ပြောပါတယ်။

ဦးကွမ်ဂျာလီလိုဘဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓာတ်ပုံကို ဖေ့ဘွတ်စ်မှာ လှောင်ပြောင်ခဲ့လို့ဆိုပြီး မချောစန္ဒီထွန်းကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ