သမိုင်းဝင်မယ့် လွှတ်တော်သစ် စတင် ဖွင့်လှစ်

Image caption ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီက နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၀ ရာနှုန်း အနိုင်ရခဲ့။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် အရပ်သား အစိုးရ စတင် ပေါ်ပေါက် လာမယ့် လွှတ်တော်ကို ဒီကနေ့ စတင် လိုက်ပြီ ဖြစ်ပါတယ်။

အမတ်နေရာ အများစု အတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် တွေက ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြပြီး အမတ် နေရာ အနည်းငယ်ကိုလည်း တချို့ ပါတီငယ်တွေက ကိုယ်စားလှယ်တွေ ကျန်းကျိန် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၈၀ ရာနှုန်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွှတ်တော်ထဲမှာ တပ်မတော်က အမတ်နေရာ လေးပုံ တစ်ပုံကို ရယူထားဆဲ ဖြစ်ပြီး အရေးပါတဲ့ ဝန်ကြီးဌာန တချို့ကိုလည်း ချုပ်ကိုင် ထားပါတယ်။

ဒီကနေ့မှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းကိုသာ ကျင်းပခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုအပြီး လွှတ်တော် ဥက္ကဋ္ဌသစ်ရဲ့ မိန့်ခွန်းမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အပြောအဆို ပြုမူနေထိုင်ပုံ တွေဟာ နိုင်ငံသားတွေရဲ့ စံနမူနာ ဖြစ်စေဖို့ လိုတယ်လို့ ဦးဝင်းမြင့် က တိုက်တွန်း သွားပါတယ်။

ဒါ့အပြင် ဥပဒေပြုသူတွေဟာ ဥပဒေကို ချိုးဖောက်တာတွေ မလုပ်ဘဲ လွှတ်တော် စည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာပြီး ဂုဏ်ရည် ပြသ ကြဖို့လည်း ပြောသွားပါတယ်။

ဒီကနေ့ လွှတ်တော်ကို လေ့လာသူတွေ အဖြစ် တက်ရောက် လာကြသူတွေထဲက တချို့ဟာ အစိုးရ အဖွဲ့မှာ ပါလာဖို့ ရှိတယ်လို့ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား လွှတ်တော်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ သမ္မတသစ် အဆိုပြုမယ့် အစီအစဉ်ကို တော့ အခု ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ