ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် ဘယ်သူတွေ ဖြစ်မလဲ

NLD ဓာတ်ပုံ မူပိုင် BBC Burmese
Image caption NLD ကိုယ်စားလှယ်တွေ သင်တန်း နောက်ဆုံးနေ့

ရွေးကောက်ပွဲ အနိုင်ရ ခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်နယ်နဲ့ တိုင်း တွေမှာ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေ အဖြစ် လျာထားသူလို့ ယူဆရတဲ့ NLD ကိုယ်စားလှယ်တချို့ တက်ရောက်နေတဲ့ သင်တန်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်တွေက အနိုင်ရ ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကို ဇန်နဝါရီလ ၂၈ ရက် ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ သင်တန်းပို့ချခဲ့တာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်း တစ်ခုစီမှာ လူ ၂ ယောက် ကနေ ၆ ယောက် အထိ သီးသန့် ရွေးချယ်ခဲ့ပြီး သင်တန်း ပို့ချပေးခဲ့တာဖြစ်ပါတယ်။

သင်တန်းမှာ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ တွေကို အဓိက သင်ကြားခဲ့ရတယ်လို့ ချင်းပြည်နယ်ကနေ တက်ရောက်လာတဲ့ ဦးဇိုဘွဲက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးဝင်းထိန်ကတော့ NLD ကိုယ်စားလှယ်တွေဟာ အများအားဖြင့် အရေအချင်း ရှိကြပေမဲ့ အတွေ့အကြုံ နည်းကြတဲ့ အတွက် အခုလို သင်တန်း ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

သင်တန်းပို့ချသူတွေက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ ပြည်နယ်နဲ့တိုင်း ဦးစီးမှူးတွေ လုပ်ခဲ့တဲ့ အငြိမ်းစား အရာရှိကြီးတွေဖြစ်ပါတယ်။

သင်တန်းတက်သူတွေထဲမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ မန္တလေးတိုင်းက ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းက ဒေါက်တာအောင်မိုးညိုနဲ့ ရခိုင်ပြည်နယ်က ဦးညီပုတို့ဟာ ဝန်ကြီးချုပ်တွေ ဖြစ်လာနိုင်တယ်လို့ ပြောဆို သုံးသပ်နေကြတာတွေ ရှိပါတယ်။

ဒါအပြင် ချင်းပြည်နယ်က ကိုယ်စားလှယ် ဦးဇိုဘွဲ၊ ကချင်ပြည်နယ်က ကိုယ်စားလှယ် ဒေါက်တာ ခက်အောင်၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်တို့ ဟာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်တွေ ဖြစ်လာနိုင်တယ်လို့ မှန်းဆနေကြပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာမယ့် သူတွေဟာ ကြံခိုင်ဖွံဖြိုးရေး အစိုးရ လက်ထက်တုန်းက မဖြေရှင်းနိုင်ခဲ့တဲ့ အဂတိလိုက်စားမှု၊ မြေယာသိမ်းဆည်းမှု၊ စတဲ့ပြဿနာတွေ အပါအဝင် ရင်ဆိုင် ဖြေရှင်းရမယ့် အခက်အခဲတွေ အများကြီးရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ