ရခိုင်ပြည်နယ် အစိုးရ ကို ဦးဆောင်ဖွဲ့ရေး ANP ပါတီ ထပ် အတည်ပြု

dr_aye_maung
Image caption ရခိုင် အမျိုးသားပါတီ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်။

ရခိုင်ပြည်နယ် အစိုးရ ကို ဦးဆောင်ဖွဲ့ခွင့် မရရင် အတိုက်အခံ အနေနဲ့ ရပ်တည် သွားမယ် ဆိုတဲ့ ရခိုင် အမျိုးသားပါတီ ANP ရဲ့ သဘောထား ကို ဖေဖေါ်ဝါရီ ၆ ရက် စနေနေ့ က ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး မှာ ထပ်မံ အတည်ပြု လိုက် ကြပါတယ်။

တန်းတူညီမျှရေး နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်ရေး အတွက် ANP ပါတီ က ဆောင်ရွက် နေပြီး ဆင်းရဲတဲ့ ပြည်နယ် ဘဝ ကနေ လွတ်ဖို့ ရခိုင် အမျိုးသားတွေ ကိုယ်တိုင် အားထုတ် သင့်ပြီ လို့ ယုံကြည် တဲ့ အတွက် အခုလို တောင်းဆိုရတာ ဖြစ်တယ် ဆိုပြီး ANP ပါတီ အတွင်းရေးမှုး ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ ANP ပါတီ က မဲ အများဆုံး ရထားတာ ဖြစ်တဲ့ အတွက် ANP ပါတီ ကနေ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် နေရာ ရယူသင့်ပြီး ပြည်နယ် အစိုးရ ဦးဆောင် ဖွဲသင့်တယ်လို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ANP ပါတီ ရဲ့ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင် ကိုတော့ ပြည်ထောင်စု အဆင့် လွှတ်တော် မှာ လွှမ်းမိုး နေရာ ယူထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ က အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ် ရွေးချယ် ကာ အတည်ပြု ခန့်အပ် ခဲ့ပြီး ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် အစိုးရ ကို ANP ပါတီ ဦးဆောင် ဖွဲ့ရေး ကြေညာချက် ၁/၂၀၁၆ ကြေညာ ချက် ဟာ သူနဲ့ တိုင်ပင် ပြီး ထုတ်ပြန် ခဲ့တာ မဟုတ်ဘူး ဆိုပြီး ဦးအေးသာအောင် က ပြောထားပါတယ်။

ANP ပါတီ ဘက်ကလည်း ဦးအေးသာအောင် ဟာ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ နေရာကို ပါတီ ကို အသိ မပေးပဲ လက်ခံ ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ရခိုင် အမျိုးသားပါတီ ANP ပါတီကို လက်ရှိ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင် ဒီမို ကရေစီ အဖွဲ့ချုပ် တို့ ၂၀၁၄ နှစ်ဆန်း မှာ ပေါင်းစည်း ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

အခုလို အခြေ အနေတွေ မှာ ANP ပါတီ အတွင်း အကွဲအပြဲ တစုံတရာ ဖြစ်လာနိုင်တယ် လို့ သုံးသပ်မှု တွေ ထွက်ပေါ် နေတယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ